မြန်မာဖိုက်တာ စိုးလင်းဦးဟာ ဒီကနေ့ည ဘန်ကောက်မှာ ထိုင်းဖိုက်တာ ပွန်ဆီရီနဲ့ ယှဉ်ပြိုင်တဲ့ One ပွဲကို အလဲထိုးဖြင့် အနိုင်ယူပြခဲ့ပါတယ်။
ပွဲမစခင်တည်းက စိုးလင်းဦးဘက်က သတ်မှတ် ဝိတ်တန်း ၁၄၅ ပေါင်အောက်ကို ချနိုင်ခဲ့ပေမယ့် နာမည်ကြီးဆန်ချိုင်းကလပ်ရဲ့ ဖိုက်တာဖြစ်တဲ့ ပွန်ဆီရီကတော့ လိုအပ်တဲ့ ဝိတ်တန်းကို မချနိုင်ခဲ့ဘဲ ၁၄၉ ပေါင်ကျော် ရှိနေတာကြောင့် စကားပြောမှုတွေ ရှိခဲ့ရပါတယ်။
ONE Friday Fights 69 ရဲ့ ဒု-ခေါင်ပွဲအဖြစ် သတ်မှတ်ခံရတဲ့ထိ ကြီးမားတဲ့ ပွဲကောင်းဖြစ်သလို ပွဲမစခင်မှာလည်း ဖိုက်တာနှစ်ဦးက အလဲအထိုးမယ်လို့ အပြိုင်အဆိုင် ကြွေးကြော်ထားကြတာပါ။
ပွဲမတိုင်မီ ပွန်ဆီရီက လေအရမ်းကြီးထားပြီး စိုးကြီးကို အလဲထိုးမယ်လို့ကြုံးဝါးထားသလို စိုးကြီးကလည်း လက်သီးနဲ့ ပွဲသိမ်းမယ်လို့ ပြောထားတဲ့အတွက် အတော်လေး လူစိတ်ဝင်စားမှု ရှိတဲ့ ပွဲပါ။ ဒီပွဲမှာ ပွန်ဆီရီ အနိုင်ရမယ်ဘက်က ရေပန်းစားမှု ပိုများခဲ့ပါတယ်။
ပွဲကတော့ စိုးကြီးကြောင့် ရိုးရာလက်ဝှေ့ ဂုဏ်မငယ်ခဲ့ပါဘူး။ ပထမ အချီမှာ ဖိုက်တာ နှစ်ဦးလုံး သူတင် ကိုယ်တင် ထိုးခဲ့ကြသလို စိုးကြီးရဲ့ လက်သီးတွေက ထိရောက်မှုရှိတာကြောင့် ပွန်ဆီရီ ခေါင်းစထိခဲ့ပါတယ်။
ဒုတိယ အချီမှာ စိုးကြီး ရဲ့ အဆက်မပြတ် ထိုးလုံးတွေကြောင့် နာမည်ကြီး မွေထိုင်းဖိုက်တာ ပွန်ဆီရီ တော်တော်ထိသွားသလို ပင့်လက်သီးကြောင့် ပြန်မထနိုင်တော့ဘဲ အလဲထိုး(ဒိုင်ပွဲရပ်)နဲ့ စိုးကြီး အနိုင်ရခဲ့တာပါ။
စိုးကြီးဟာ One မှာ ၃ ပွဲထိုး ၃ ပွဲ အနိုင်ရခဲ့သလို ဒီပွဲအပြီး ဆုကြေး ဘတ် သုံးသိန်းခွဲ ပိုင်ဆိုင်ခဲ့ပါတယ်။
နောက်ထပ် သတင်းကောင်းကတော့ One ဘက်က စိုးကြီးကို ဒေါ်လာ ၁ သိန်းတန် စာချုပ် ချီးမြင့်ခဲ့ပြီး One မှာ ပထမဆုံး စာချုပ်ဖြင့် ကစားရတဲ့ ရိုးရားလက်ဝှေ့သမား ဖြစ်လာခဲ့ပါပြီ။