အာဆင်နယ်နဲ့ အင်္ဂလန်အသင်း တိုက်စစ်ကြယ်ပွင့်ကစားသမား ဆာကာဟာ ဆွစ်ဇာလန်ကို အနိုင်ရတဲ့ ကွာတားဖိုင်နယ်ပွဲမှာ ခြေစွမ်းပြကစားပြီး ဆီမီးဖိုင်နယ် တက်ခွင့်ရအောင် ကူညီပေးခဲ့ပါတယ်။ ဒီပွဲမှာ ဆာကာ က ပွဲစဉ် အကောင်းဆုံး ကစားသမား ဆုကိုပါ ရရှိခဲ့တာပါ။
ဆွစ်ဇာလန်အသင်းအတွက် အဖွင့်ဂိုးကို ၇၅ မိနစ်မှာ တိုက်စစ်မှူး အမ်ဘိုလိုက အနီးကပ်ပိတ်သွင်းခဲ့ပြီး ၅ မိနစ်အကြာမှာပဲ ဆာကာက ပယ်နယ်တီ ဧရိယာထိပ်နားကနေ လှလှပပကန်ပြီးတော့ အင်္ဂလန် အတွက် ချေပဂိုးသွင်းယူခဲ့ပါတယ်။
အဲဒါကြောင့် ဆာကာဟာ ယူရိုရှုံးထွက်အဆင့်ပွဲစဉ်တစ်ပွဲမှာ ဂိုးသွင်းနိုင်တဲ့ ပထမဆုံး အာဆင်နယ် ကစားသမားဖြစ်လာသလို အဓိက နိုင်ငံတကာပြိုင်ပွဲကြီးတွေမှာ သွင်းဂိုး အရေအတွက် ၄ ဂိုးရှိလာပြီဖြစ်လို့ နာမည်ကျော် ကစားသမားဟောင်း ဒေးဗစ်ဘက်ခမ်(၃ ဂိုး)ထက် သွင်းဂိုး ပိုများသွားပါပြီ။
အခုပွဲမှာ ဆာကာက နေရာသစ်အဖြစ် ညာစွန် ခံစစ်ခြမ်း ဆင်း ကစားခဲ့ရပေမဲ့ ပုံစံကောင်းပြသနိုင်ပြီး ပြိုင်ဘက်ကို တစ်ယောက်ချင်း ကျော်ဖြတ်နိုင်မှု ၄ ကြိမ်၊ ပြိုင်ဘက်အသင်း ပယ်နယ်တီဧရိယာအတွင်း ဘောလုံးထိချက် ၈ ကြိမ်၊ Tackles ၃ ကြိမ်၊ အခွင့်အရေးဖန်တီးမှု ၂ ကြိမ်၊ ဂိုးပေါက်ကန်ချက် ၃ ကြိမ်၊ ဂိုးပေါက်တည့်မှု ၁ ကြိမ်နဲ့ ၁ ဂိုးသွင်းယူခဲ့ပါတယ်။
ဒါ့အပြင် ပယ်နယ်တီအဆုံးအဖြတ်မှာလည်း ဆာကာဟာ သူ့ကန်ရမဲ ပယ်နယ်တီကို အမှားအယွင်းမရှိ၊ တည်တည်ငြိမ်ငြိမ်နဲ့ကန်သွင်းပြီး ယူရို-၂၀၂၀ ဗိုလ်လုပွဲက ဖြစ်ရပ်ဆိုးကို အကောင်းဆုံးကျော်ဖြတ်ပြနိုင်ခဲ့ပြီဖြစ်ပါတယ်။
ယူရို-၂၀၂၀ ဗိုလ်လုပွဲတုန်းက ဆာကာဟာ အဆုံးအဖြတ် ပယ်နယ်တီကို လွဲချော်ခဲ့တာကြောင့် ပြင်းပြင်းထန်ထန် ဝေဖန်ခံခဲ့ရပြီး လူမျိုးရေးခွဲခြားမှုတွေနဲ့လည်း ရင်ဆိုင်ခဲ့ရပါတယ်။
ဆွစ်ဇာလန်နဲ့ပွဲအပြီး အင်တာဗျူးမှာ မီဒီယာတွေက ယူရိုဗိုလ်လုပွဲဖြစ်ရပ်ကို ကျော်ဖြတ်နိုင်ပြီလားလို့ မေးခွန်းထုတ်ခဲ့တော့ ဆာကာက ခုလို ဖြေကြားခဲ့ပါတယ်။
“ဝေဖန်မှုတွေနဲ့ ပြင်းပြင်းထန်ထန် ရင်ဆိုင်ခဲ့ရတဲ့အခြေအနေတစ်ခုကနေ ပြန်လာနိုင်ဖို့ဆိုတာ ခက်ခဲပေမဲ့ ကျွန်တော်ကတော့ အဲဒီဝေဖန်မှုတွေကို အသုံးချပြီး ကိုယ့်ကိုယ်ကိုယ် ပိုပြီးကြံ့ခိုင်မှုရှိအောင် ဖန်တီးခဲ့ပါတယ်။”
“လူတိုင်းဟာ တစ်ကြိမ်တစ်ခါတော့ အမှား ကျူးလွန်မြဲဖြစ်ပြီး အဲဒီအမှားကြောင့် ကျရှုံးခံလို့ မဖြစ်ပါဘူး။ ကျွန်တော်က ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ရှိပြီး ကျွန်တော့်ကို ပယ်နယ်တီကန်ဖို့ တာဝန်ပေးလာရင် ဘယ်တော့မှ ငြင်းဆန်မှာ မဟုတ်ပါဘူး။ အခုဆိုရင် ကျွန်တော်တို့အသင်းဟာ သမိုင်းဝင်အောင်မြင်မှု ရယူနိုင်ဖို့ နောက်ထပ် ၂ ပွဲသာ ကျော်ဖြတ်ရမှာဖြစ်ပြီး အဲဒီအတွက်လည်း အပြည့်အ၀ အာရုံစိုက်ထားပါတယ်”လို့ ဆာကာ က တုန့်ပြန်သွားပါတယ်။