ပြင်သစ်နဲ့ လီဗာပူး နောက်ခံလူ အီဘရာဟီမာ ကိုနာတေး က စပိန်နဲ့ ကစားရမယ့် ယူရို ဆီမီးဖိုင်နယ်ပွဲမတိုင်ခင် အာဆင်နယ်ကြယ်ပွင့် ဝီလီယံ ဆာလီဘာအပေါ် ပြစ်တင်ဝေဖန်သူတွေအား ပြန်လည်တုံ့ပြန်လိုက်ပါတယ်။

ကိုနာတေး ဟာ ယူရိုပြိုင်ပွဲမစတင်ခင်မှာ အူပါမီကာနိုနဲ့အတူ ပြင်သစ်ရဲ့ ဗဟိုခံစစ်မှာ ပွဲထွက်ခွင့်ရလိမ့်မယ်လို့ မျှော်မှန်းခြင်းခံခဲ့ရသူဖြစ်ပေမယ့် နည်းပြ ဒက်ချမ့် က လက်ရှိအချိန်အထိကစားခဲ့တဲ့ ၅ ပွဲစလုံးမှာ ဆာလီဘာကို သာပွဲထွက်ခွင့်ပေးခဲ့တာဖြစ်ပါတယ်။

ပြင်သစ်အသင်းဟာ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ အခုအချိန်အထိ ပေးဂိုး တစ်ဂိုးသာ ခွင့်ပြုခဲ့ရသေးတာဖြစ်ပြီး ဆာလီဘာဟာ ဂျာမနီက စွမ်းဆောင်ရည်ကြောင့် ချီးကျူးမှုတွေ များစွာ ရရှိခဲ့တာဖြစ်ပါတယ်။

အထူးသဖြင့် ဘယ်လ်ဂျီ၊ ပေါ်တူဂီတို့ကို အနိုင်ရခဲ့တဲ့ပွဲစဉ်တွေမှာ လူကာကူနဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုတို့ကို လှုပ်မရအောင် ထိန်းချုပ်ကစားနိုင်ခဲ့တဲ့အတွက် ဆာလီဘာကို ချီးကျူးခဲ့ကြတာဖြစ်ပေမယ့် ပရိသတ်အချို့ကတော့ အာဆင်နယ်ကြယ်ပွင့်ရဲ့ ခြေစွမ်းကို သဘောကျခဲ့ခြင်း မရှိခဲ့ကြဘဲ ဝေဖန်မှုတွေ ရှိနေပါတယ်။

ကိုနာတေး အက်ဖ်စီလို့ အမည်ရတဲ့ တွစ်တာ လူမှုကွန်ရက်အသုံးပြုသူတစ်ဦးဟာ သောကြာနေ့ညက ပေါ်တူဂီနဲ့ပွဲမှာ အာဆင်နယ်နောက်ခံလူရဲ့ အမှားတွေချည်းပဲ ပြသထားတဲ့ ဗီဒီယိုဖိုင်ကို မျှဝေခဲ့တာဖြစ်ပါတယ်။

ပြင်သစ်နောက်ခံလူ ကိုနာတေး က အဲဒီဗီဒီယိုကို ပြန်လည်တုံ့ပြန်ခဲ့ပြီး “အဲဒီလိုလုပ်နေတာတွေကို ရပ်လိုက်ပါ ညီအစ်ကို။ ဆာလီဘာက အရမ်းကောင်းတယ်။ သူက ကျွန်တော့်ရဲ့ ညီပဲ။ သူက ချီးကျူးမှုတွေအားလုံးနဲ့ ထိုက်တန်ပါတယ်။ အဲဒီအတွက် ပျော်ရွှင်ပေးလိုက်ကြရအောင်။

ကျွန်တော့်ကို အားပေးကြတာ ကျေးဇူးတင်ပါတယ်။ ကျွန်တော် ၁၀၀ ရာခိုင်နှုန်း အဆင်သင့်ဖြစ်မနေခဲ့ဘူး။ အခုတော့ ကျွန်တော်တို့ ဗိုလ်လုပွဲ ကစားဖို့ ကြိုးစားသွားရတော့မယ်”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။