အာဆင်နယ် အသင်းခေါင်းဆောင် မာတင် အိုဒီဂတ်က အခုနွေရာသီကာလအတွင်း အာဆင်နယ် အသင်းအတွက် လူသစ်စုဆောင်းမှုများစွာ လိုအပ်တယ်ဆိုတဲ့ အယူအဆကို လက်မခံဘဲ လက်ရှိ အသင်း လူစာရင်းမှာ မယုံကြည်နိုင်စရာ အရည်အသွေးကောင်းတွေ ပိုင်ဆိုင်နေတယ်လို့ ချီးကျူးပြောဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ဘောလုံးရာသီ၊ ပရီးမီးယားလိဂ်အမှတ်ပေးချန်ပီယံပြေးလမ်းမှာ အာဆင်နယ်က မန်စီးတီးကို နည်းလမ်းပေါင်းစုံဖြင့် ဖိအားပေးခဲ့ပြီး နှစ် ၂၀ အတွင်း ပထမဆုံးအကြိမ်အမှတ်ပေးချန်ပီယံဆုရရှိဖို့ အတော်လေးနီးစပ်အောင် အာတီတာရဲ့အသင်း စွမ်းဆောင်ပြခဲ့ပါတယ်။

လက်ရှိမှာတော့ ဘရန့်ဖို့ဒ်အသင်းမှ အငှားခေါ်ယူထားတဲ့ ဒေးဗစ်ရာယကို အပြီးသတ်ခေါ်ယူလိုက်ခြင်းနဲ့အတူ ဂန်းနားတွေက အသင်းလူစာရင်းပိုင်းအင်အားတောင့်တင်းရေးအတွက် နောက်ထပ်ကစားသမားသစ်တွေ ရှာဖွေနေပါတယ်။

မြောက်လန်ဒန်ကလပ်က ဘိုလော့ဂ်နာခံစစ်မှူးကာလာဖီအိုရီကို ခေါ်ယူဖို့ စိတ်ဝင်စားနေသလို ဗဟိုကွင်းလယ် ကစားသမားနဲ့ တိုက်စစ်မှူးတစ်ဦး ထပ်မံရရှိဖို့လည်း မျှော်လင့်နေပါတယ်။

ဒါပေမယ့် အိုဒီဂတ်ကတော့ လာမယ့်ဘောလုံးရာသီသစ်မှာ မန်စီးတီးကိုအနိုင်ယူဖို့ လုံလောက်တဲ့ အရည်အသွေးတွေ လက်ရှိအသင်းလူစာရင်းမှာ ရှိနေတယ်လို့ ယုံကြည်နေပါတယ်။

လက်ရှိမှာ မာဘယ်လာကမ်းခြေရှိ အာဆင်နယ်ရဲ့ ရာသီကြိုပြင်ဆင်မှုလေ့ကျင့်ရေးစခန်းမှာ ရောက်ရှိနေပြီ ဖြစ်တဲ့ နော်ဝေသားက သူ့အမြင်ကို အခုလို ပြောဆိုခဲ့ပါတယ်။

“လက်ရှိ အသင်းလူစာရင်းနဲ့ပတ်သက်လို့ ကျွန်တော် အတော်လေးကို ကျေနပ်အားရမိပါတယ်။ ဒီလူစာရင်းမှာ မယုံကြည်နိုင်စရာအရည်အသွေးတွေ ပိုင်ဆိုင်ထားပြီး ကျွန်တော်တို့ ဘာတွေလုပ်နိုင်စွမ်းရှိသလဲဆိုတာ ပြသခဲ့ပြီးပြီလို့ ယူဆမိပါတယ်။

အထူးသဖြင့် ကျွန်တော်ပြောခဲ့သလိုပါပဲ၊ ပြီးခဲ့တဲ့ဘောလုံးရာသီ နှောင်းပိုင်းမှာ ကျွန်တော်တို့ အကောင်းဆုံး ကစားနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့တွေ သမိုင်းမှတ်တမ်းနဲ့ အရာအားလုံးကို ဖန်တီးခဲ့ပါတယ်။ ဒါကြောင့် အသင်းလူစာရင်းအတွက် ကျွန်တော် တကယ့်ကို ကျေနပ်မိပါတယ်။

ကျွန်တော်တို့မှာ မယုံကြည်နိုင်စရာ အရည်အသွေးတွေ ရှိပါတယ်။ ဒါကြောင့် အခုကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော် မစိုးရိမ်မိပါဘူး။ အပြောင်းအရွှေ့ကိစ္စတွေက အာတီတာ၊ အီဒူး၊ ကလပ်အသင်းတို့အပေါ်မှာပဲ မူတည်တယ်လို့ ထင်ပါတယ်။ မယုံကြည်နိုင်စရာ အရည်အသွေးတွေရှိနေတဲ့ အသင်းလူစာရင်းနဲ့ပတ်သက်လို့ အရမ်းကျေနပ်မိသလို ဒီလိုအသင်းမှာ ပါဝင်ခွင့်ရရှိတာ ပျော်စရာပါပဲ”လို့ ပြောပါတယ်။

အခုနွေရာသီ ဥရောပချန်ပီယံရှစ်ပြိုင်ပွဲကြီးမှာ မယှဉ်ပြိုင်နိုင်တဲ့ အိုဒီဂတ်က ပြီးခဲ့တဲ့ဘောလုံးရာသီ၊ အာဆင်နယ်ရဲ့ဆုဖလားအောင်မြင်မှုလွဲချော်ခြင်းအပေါ် ပြန်လည်သုံးသပ်ရန် အချိန်ရရှိခဲ့ပြီး စွမ်းဆောင်ရည်ပိုင်းမတည်ငြိမ်မှုဟာ အသင်းအတွက် ထိုးနှက်ချက်ဖြစ်စေခဲ့တယ်လို့ ထောက်ပြခဲ့ပါတယ်။