ဒီကနေ့ည ယှဉ်ပြိုင်ကစားမယ့် ဆီမီးဖိုင်နယ် ဒုတိယပွဲအတွက် ဘီဘီစီမှ ဘောလုံး သုံးသပ်သူ ခရစ်ဆက်တန်ရဲ့ သုံးသပ်ချက်နဲ့ ရလဒ် ခန့်မှန်းကို ဖော်ပြမှာ ဖြစ်ပါတယ်။
Netherlands v England
အင်္ဂလန် ဂရုစိုက်ရမယ့် နယ်သာလန် ကစားသမားတွေက ဝဂ်ဟောက်စ်တင် မကပါဘူး။ ဂက်ပိုကလည်း အန္တရာယ်ကြီးပါတယ်။ လီဗာပူးမှာတော့ ဂက်ပိုက မျှော်လင့်ထားသလောက် မလုပ်ပြနိုင်ပေမယ့် ကစားသမားကောင်းပါ။ ဒီပြိုင်ပွဲမှာ သူက နယ်သာလန်ရဲ့ အကောင်းဆုံး ကစားသမားပါ။
ဆွစ်ဇာလန်ပွဲမှာ အင်္ဂလန်အသင်း ထုတ်သုံးခဲ့သလိုပဲ နယ်သာလန်ကလည်း ဒီပွဲကို ခံစစ် ၃ ယောက်တန်းနဲ့ ကစားမှာပါ။ ပိုတောင့်တင်းတဲ့ အသင်းတွေကို ရင်ဆိုင်ရချိန်မှာ ကိုးမန်းက ဒီစနစ်ကို ထုတ်သုံးလေ့ရှိပါတယ်။
နှစ်သင်းက တူညီတဲ့ ကစားကွက်နဲ့ ပွဲထွက်မယ်ဆိုရင် အင်္ဂလန်ကွင်းလယ်က နယ်သာလန်ထက် ပိုမို တောင့်တင်းပါတယ်။ ပြဿနာက တိုက်စစ်ပိုင်း လုပ်နိုင်စွမ်းမှာပါ။ အင်္ဂလန်က အခုချိန်ထိ တိုက်စစ် ခြေမတွေ့သေးပါဘူး။
အင်္ဂလန်က အခုချိန်ထိ အခိုက်အတန့်ကြီးတွေ လုပ်နိုင်လို့ သက်သာရာရနေတာပါ။ အင်္ဂလန်အသင်း ဖိုင်နယ်ကို တက်ခဲ့တယ်ဆိုရင်တောင် ဒါက သူတို့ ကစားသမားတွေရဲ့ တစ်ဦးချင်း ခြေစွမ်းတွေအပေါ်မှာပဲ မှီခိုနေရတာပါ။
ဂျာမနီမှာ အင်္ဂလန်ပွဲတိုင်းကို အနိုင်ရမယ်လို့ ကျနော် ခန့်မှန်းခဲ့ပေမယ့် သူတို့က သရေလောက်ပဲ ကစားနိုင်နေတဲ့ အသင်းပါ။ ဒီပြိုင်ပွဲတလျှောက် အခက်ခဲဆုံး ပွဲကို အင်္ဂလန်တို့ ယှဉ်ပြိုင်ရပါမယ်။ အကျိတ်အနယ် ယှဉ်ပြိုင်အပြီး အင်္ဂလန်က ကပ်နိုင်သွားမယ် ထင်ပါတယ်။
ခရစ်ဆက်တန် ခန့်မှန်းရလဒ်။ ။ နယ်သာလန် ၁-၂ အင်္ဂလန်