ဆမ်ဒိုးရီးယားအသင်း ကွင်းလယ်လူ ဒန်းနစ် ပရက်ရဲ့ အေးဂျင့်သူက သူ့ရဲ့ကစားသမားအတွက် ထွက်ပေးနေတဲ့ အပြောင်းအရွှေ့ သတင်းတွေနဲ့ ပက်သက်ပြီး အကြောင်းပြန်မှု လုပ်လာခဲ့ပြီဖြစ်ပါတယ်။

အာဆင်နယ်ဟာ ဆမ်ဒိုးရီးယားအသင်းမှ ကစားသမားအတွဲဖြစ်တဲ့ အန်ဒါဆန်နဲ့ ပရက်ကို နှစ်ဦးကို ကမ်းလှမ်းမှု လုပ်ခဲ့ပေမယ့် ပြောင်းရွှေ့ကြေး သဘောတူညီမှု မရထားပါဘူး။ နှစ်ဦးပေါင်းအတွက် ပေါင် ၃၇ သန်းနဲ့ ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချခံထားရတာ ဖြစ်ပါတယ်။

ပရက်ရဲ့ အေးဂျင့်က ” အေစီမီလန်က ထိပ်တန်း အသင်းကြီး တစ်သင်းပါ။ ပရက်ကို ခေါ်လိုတဲ့ အခြား အသင်းကြီးတွေလည်း ရှိနေပါတယ်။ အထူးသဖြင့် အီတလီပြင်ပက အသင်းတွေပါ။ သူတို့က ပရက်ကို ခေါ်ယူဖို့ အတော်လေး စိတ်ဝင်စားနေပါတယ်။

ပရက်ကိုခေါ်ဖို့ ကြိုးစားနေတဲ့ အသင်းတွေထဲ အာဆင်နယ်ပါလားဆိုတာကို ကျနော် မဖြေချင်ဘူး။ ခင်ဗျားတို့လည်း သိပါတယ်။ သူက ကစားသမားကောင်းပါ။ ထိပ်တန်းအသင်းတွေမှာ ကစားနိုင်ပြီး သူ့ကို ကလပ်အသင်း အများအပြားက စိတ်ဝင်စားနေတယ်။ နောက်အပတ်လောက်ဆို အားလုံး သိရပါမယ် ” လို့ ဆိုခဲ့ပါတယ်။

ချန်ပီယံလိဂ်ဝင်ခွင့် ဆုံးရှူံးခြင်းက အာဆင်နယ်ရဲ့ အပြောင်းအရွှေ့ ပစ်မှတ်တွေကို ခေါ်ယူဖို့ အတားအဆီးဖြစ်နိုင်မလားလို့ မေးခွန်းထုတ်ခံရစဉ်တုန်းက အမ်မရီက

” အဲ့သည်လို ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကျနော်တို့က ကလပ်အသင်းကြီးပါ။ ကမ္ဘာဘောလုံးလောကမှာ အာဆင်နယ်က ကြီးမားတဲ့ နာမည်တစ်ခုပါ။ ကစားသမား အများအပြားက ဒီကိုလာပြီး ကစားလိုကြပါတယ်။

နောက်ရာသီ ဘာတွေဖြစ်လာမယ် ဆိုတာတော့ ကြိုတင် မသိပါဘူး။ ဒါပေမယ့် ကလပ်အသင်းက ကျနော်တို့ နည်းလမ်းအတိုင်းပဲ ဆက်ကြိုးစားနေပါတယ် ” လို့ မှတ်ချက်ပေးသွားခဲ့ပါတယ်။