ကိုပါအမေရိကဖလား အဖွင့်ပွဲအဖြစ် ဘရာဇီးက ဘိုလီဗီးယားကို ၃ ဂိုးပြတ် အနိုင်ရရှိခဲ့ပြီး အဆိုပါပွဲမှာ ကွင်းလယ်လူ ကော်တင်ညိုက ဘရာဇီးအသင်းအတွက် သွင်းဂိုး ၂ ဂိုး ရယူပေးနိုင်ခဲ့ပါတယ်။

ဘရာဇီးနဲ့ ကော်တင်ညိုရဲ့ အဖွင့်ဂိုးက ပင်နယ်တီကနေ ရယူခဲ့တာဖြစ်ပေမယ့် အဆိုပါဂိုးရပြီး မကြာခင် သွင်းယူခဲ့တဲ့ ဒုတိယဂိုးကတော့ အသင်းဖော်ဖာမီနိုနဲ့ တွဲဘက်ကစားရာက လီဗာပူးတိုက်စစ်သမား ဖြတ်တင်ပေးတဲ့ ဘောလုံးကို ကော်တင်ညိုက ပိတ်သွင်းပြီး သွင်းယူခဲ့တာဖြစ်ပါတယ်။

နောက်ပိုင်းမှာ တိုက်စစ်မှူး ဖာမင်နိုက မန်စီးတီး တိုက်စစ်သမား ဂျီးဆုနဲ့ လူစားလဲခံခဲ့ရပေမယ့် လီဗာပူးပရိသတ်တွေက ဖာမင်နိုနဲ့ ကော်တင်ညိုတို့ရဲ့ အချိတ်အဆက်မိမိ တွဲလုံးတွေကို လွမ်းဆွတ်မှုတွေ ဖြစ်မိကြောင်း ဝန်ခံစကားတွေ ဆိုလာခဲ့ကြတာဖြစ်တယ်။

၂၀၁၈ ခုနှစ် ဇန်နဝါရီတုန်းက လီဗာပူးအသင်းကနေ ဘာစီလိုနာကို ပေါင် ၁၄၂ သန်းနဲ့ ပြောင်းရွှေ့သွားခဲ့တဲ့ ကော်တင်ညိုဟာ ဘာစီလိုနာမှာတော့ အောင်မြင်တဲ့ ကစားသမားဘဝကို မပိုင်ဆိုင်ရပဲ စပိန်အသင်း ပရိသတ်တွေရဲ့ လှောင်ပြောင်ခြင်းတွေကို ရင်ဆိုင်ရင်းနဲ့ပဲ နေ့ရက်ဆိုးတွေကို ကျော်ဖြတ်နေရတာဖြစ်ပါတယ်။

လီဗာပူးအသင်း ကွင်းလယ်မှာ ဖန်တီးနိုင်စွမ်း မြင့်မားတဲ့ ကစားသမားမျိုးကို လိုအပ်နေဆဲဖြစ်ပြီး ဘာစီလိုနာမှာ အခြေမကျတဲ့ ကော်တင်ညိုကို ပြန်ခေါ်စေလိုကြောင်း လီဗာပူးပရိသတ်တွေက ဆန္ဒတွေကို ထုတ်ပြောနေတာပါ။ ကော်တင်ညိုရဲ့ အပြောင်းအရွှေ့ ဈေးနှုန်းက ပေါင် သန်း ၁၀၀ အောက်ကို ကျဆင်လာခဲ့ပြီလည်း ဖြစ်ပါတယ်။