အာဆင်နယ်နဲ့ အင်္ဂလန် ကွင်းလယ် ကစားသမား ဒီကလန် ရိုက်စ်ဟာ သုံးစားမရတဲ့ ကစားသမား မနေ့ညက ယူရိုဗိုလ်လုပွဲအပြီးမှာ ပြင်းပြင်းထန်ထန် ဝေဖန်ခံလိုက်ရပါတယ်။

တော့တင်ဟမ် စပါးနဲ့ နယ်သာလန် ဂန္တဝင် ကစားသမား ဗန်ဒါဗတ်က ရိုက်စ်ဟာ ပေါင် သန်း ၁၀၀ မတန်တဲ့ ကစားသမားလို့လည်း ဆိုလိုက်ပါတယ်။

စပိန်အသင်းဟာ ယူရိုဖလားကို ၄ ကြိမ်မြောက် စံချိန်တင် ဆွတ်ခူးနိုင်ခဲ့ပြီဖြစ်ပြီး အိုယာဇာဘယ်က ပွဲပြီးဆုံးခါနီး ၄ မိနစ်အလိုမှာ နောက်ကျ အနိုင်ဂိုးကို သွင်းယူပေးခဲ့တာကြောင့် ၂-၁ နဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

ဒီကလန် ရိုက်စ်ဟာ ကော်ဘီ မိန်းနူးနဲ့အတူ ကွင်းလယ်မှာ ပွဲထွက်ပါဝင်ကစားပေးခဲ့ပေမယ့်လည်း အင်္ဂလန်ကွင်းလယ်ကြယ်ပွင့် ၂ ဦးဟာ မကြာခဏ ပွဲကစားချိန် အများစုမှာ ဘောလုံးပိုင်ဆိုင်မှု အသာစီးရယူထားနိုင်ခဲ့တဲ့ စပိန်ကွင်းလယ် ကစားသမားတွေရဲ့ ဖြတ်ကျော်ခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။

အင်္ဂလန်ဟာ ဘောလုံးပိုင်ဆိုင်မှု ၃၄ ရာခိုင်နှုန်းသာ ပိုင်ဆိုင်နိုင်ခဲ့ပြီး စပိန်ရဲ့ အကောင်းဆုံး ကွင်းလယ်ကစားသမားဖြစ်တဲ့ ရိုဒရီ စောစောစီးစီး လူစားလဲခံခဲ့ရပေမယ့်လည်း စပိန်ကွင်းလယ်နဲ့ တိုက်ပွဲမှာ အနိုင်မရခဲ့ပါဘူး။

တနင်္ဂနွေနေ့ ဗိုလ်လုပွဲအပြီးမှာ ရိုက်စ်ကို စပါးနဲ့ နယ်သာလန် ကစားသမားဟောင်း ရာဖေးလ် ဗန်ဒါဗတ် က ပြစ်တင် ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။

“ဒီကလန် ရိုက်စ် အတွက် ပေါင်သန်း ၁၀၀ ပေးရတယ်ဟုတ်လား။ သူက ဘာတွေလုပ်နေလို့လဲ။ သူ ဘောလုံးကို လာယူပြီး ဂျွန်စတုန်းစ်ဆီ ပြန်ပေးတာပဲ လုပ်တယ်။ သူက သုံးစားလို့မရဘူး။ ခင်ဗျားသာ တကယ် သန်း ၁၀၀ တန်ရင် ဘောလုံးကို တိုက်စစ်ဆီ ပေးနိုင်ရမှာပေါ့။ ”လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဒီကလန် ရိုက်စ်ဟာ အင်္ဂလန်အသင်းရဲ့ ယူရိုပွဲစဉ်အားလုံးမှာ ပွဲထွက်ပါဝင်ကစားပေးခဲ့တဲ့ ကစားသမားဖြစ်ပေမယ့်လည်း ပြီးခဲ့တဲ့ရာသီ အာဆင်နယ်မှာ ပြသခဲ့တဲ့ စွမ်းဆောင်ရည်မျိုး ပြသနိုင်ခြင်း မရှိခဲ့ပါဘူး။