ပရီးမီးယားလိဂ် နာမည်ကြီး တိုက်စစ်မှူးဟောင်း မိုက်ကယ် အိုဝင်က ၂၀၂၄-၂၀၂၅ ဘောလုံးရာသီ ထိပ်ဆုံး ၄ သင်းထဲဝင်မယ့် အသင်းတွေကို ဟောကိန်းထုတ်လာပါတယ်။

၎င်းကတော့ မန်စီးတီးဟာ စံချိန်တင်အဖြစ် ၅ ကြိမ်မြောက် ချန်ပီယံဆုကို ရဦးမယ်လို့ မြင်ပါတယ်။ စီးတီးကို အဓိက စိန်ခေါ်မယ့် ၂ သင်းအဖြစ် အာဆင်နယ်၊ လီဗာပူးကို ရွေးချယ်ခဲ့တယ်။

အပြောင်းအရွှေ့မှာ လှုပ်ရှားမှုကြီးတွေ ရှိနေတဲ့ ယူနိုက်တက်နဲ့ ချယ်ဆီးတို့ကို ထိပ်ဆုံး ၄ သင်းထဲ ဝင်မယ်လို့တောင် အိုဝင်က မမြင်ထားပါဘူး။

ရာသီသစ်အတွက် ခန့်မှန်းရာမှာ အိုဝင်က ‘ မန်စီးတီး၊ အာဆင်နယ်၊ လီဗာပူးတို့ ထိပ်ဆုံး ၄ သင်းထဲ ဝင်ပါမယ်။ ချွန်ထွက်လာမယ့် နောက်ထပ် တစ်သင်းတော့ မမြင်ပါဘူး။

ယူနိုက်တက်၊ ချယ်ဆီးတို့လည်း အဆင့် ၄ ဝင်မယ် မထင်ဘဲ စပါး ဒါမှမဟုတ် အက်စတွန်ဗီလာ တစ်သင်းသင်းပဲ ဝင်သွားမှာပါ။

ဂွာဒီယိုလာ မရှိတော့ရင် ပရီးမီးယားလိဂ်မှာ အပြောင်းအလဲတွေ ရှိလာနိုင်ပါတယ်။ သူရှိနေသမျှတော့ သူ့ကိုကျော်ပြီး ကလပ်တွေ အောင်မြင်ဖို့က မလွယ်ပါဘူး။ ’ လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။