အာဆင်နယ်ဟာ ဘိုလော့ဂ်ညာ နောက်ခံလူ ရီကာဒို ကာလာဖီအိုရီကို ယူရို သန်း ၅၀ နဲ့ အပြီးသတ် ခေါ်ယူနိုင်တော့မယ် လို့ အီတလီက သတင်းတွေအရ သိရပါတယ်။
အာဆင်နယ်က ဒီလထဲမှာ အီတလီ နောက်ခံလူ ကာလာဖီအိုရီကို ခေါ်ယူဖို့ ဦးစားပေး လုပ်ဆောင်နေခဲ့တာဖြစ်ပေမယ့်လည်း ဘိုလော့ဂ်ညာနဲ့ ကာလာဖီအိုရီ ရဲ့ ယခင်အသင်းဟောင်း ဘေဆယ်တို့ကြား ပြောင်းရွှေ့ကြေး ခွဲဝေမှု အဆင်မပြေတာကြောင့် အပြောင်းအရွှေ့က ကြံ့ကြာနေခဲ့တာဖြစ်ပါတယ်။
ဘေဆယ်ဟာ အာဆင်နယ် ပေးချေမယ့် ပြောင်းရွှေ့ကြေးရဲ့ ၅၀ ရာခိုင်နှုန်းကို ရရှိမှာဖြစ်ပေမယ့်လည်း ဘိုလော့ဂ်ညာက အီတလီနောက်ခံလူက ဆွစ်ဇာလန်အသင်းနဲ့ တစ်နှစ်သာ အချိန်ကုန်ဆုံးခဲ့တာကြောင့် အဲဒီလောက် ပမာဏ ပေးချေရမှာကို မပျော်မရွှင်ဖြစ်နေတာဖြစ်ပါတယ်။
ကာလာဖီအိုရီဟာ ဒီနှစ် မေလ မတိုင်ခင်အထိ အီတလီ လက်ရွေးစင် စီနီယာအသင်းရဲ့ ခေါ်ယူခြင်းကို ခံခဲ့ရသူမဟုတ်ဘဲ ဘိုလော့ဂ်ညာရောက်မှ ခြေစွမ်းပြသနိုင်ခဲ့ပြီးနောက် တဟုန်ထိုး နာမည်ရလာခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း စကိုင်းစပေါ့ အီတလီ ရဲ့ ဖော်ပြချက်အရ အာဆင်နယ်ဟာ ဘိုလော့ဂ်ညာနဲ့ ပြောဆိုဆွေးနွေးမှုက သဘောတူညီမှု ရခဲ့ပြီးနောက် ကာလာဖီအိုရီကို ခေါ်ယူဖို့အတွက် တစ်ဆင့်ပဲ ကျန်တော့တယ်လို့ သိရပါတယ်။
အာဆင်နယ်နဲ့ ဘိုလော့ဂ်ညာ တို့ဟာ ကာလာဖီအိုရီအတွက် ပြောင်းရွှေ့ကြေးယူရိုသန်း ၅၀ နဲ့ သဘောတူညီမှု ရခဲ့တယ်လို့ နားလည်ရပြီး ထပ်ဆောင်း ပေးချေမှုနဲ့ ဆုကြေးငွေကိစ္စတွေကို ဆွေးနွေးနေခဲ့တာဖြစ်ပါတယ်။
ကာလာဖီအိုရီရဲ့အေးဂျင့်ပါဝင်တဲ့ ပြောဆိုဆွေးနွေးမှုဟာ အပြုသဘောဆောင်ခဲ့တာကြောင့် ဒီအပတ်မှာ သဘောတူညီမှုရဖို့ တိုးတက်မှု ရှိလာခဲ့ကာ အပြောင်းအရွှေ့ဖြစ်တော့မယ်လို့ သတင်းတွေက ဖော်ပြလာပါတယ်။ အာဆင်နယ်က အီတလီ နောက်ခံလူနဲ့ ပုဂ္ဂိုလ်ရေးသဘော တူညီမှု ရရှိထားပြီးသားဖြစ်ပါတယ်။