မန်ချက်စတာယူနိုက်တက်အသင်းဟာ မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ခြေစမ်းပွဲမှာ စကော့တလန် ရိန်းဂျားအသင်းကို (၂-၀) ဂိုးနဲ့ အနိုင်ရသွားပါတယ်။

ရိန်ဂျားအသင်းရဲ့ အိမ်ကွင်းမှာ ကစားခဲ့တဲ့ မနေ့ည ပွဲစဉ်မှာ မန်ယူအတွက် ဂိုးတွေကိုတော့ ပထမပိုင်း ပွဲချိန် ၃၉ မိနစ်မှာ လူငယ်ကစားသမား အာမက်ဒီရာလိုကတဂိုး ဒုတိယပိုင်း ပွဲချိန် မိနစ် ၇၀ မှာ ဂျိုလ်းဟူဂဲလ်က တဂိုးသွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

မန်ယူအသင်းအနေနဲ့ ပရီးမီးယားလိဂ်ဆုဖလား ရယူနိုင်ဖို့ အလှမ်းဝေးကွာနေဆဲဖြစ်ကြောင်း နည်းပြ အဲရစ်တန်ဟတ်ဂ်က ဝန်ခံပြောသွားပါတယ်။

AD သတင်းဌာနဲ့ အင်တာဗျူးမှာ မန်ယူအသင်းကို အကြီးစားပြင်ဆင်မှုတွေ လုပ်ဆောင်သွားရမှာဖြစ်ပြီး ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်လို ဆုဖလားတွေရယူနိုင်ဖို့ အလှမ်းဝေးကွာနေဆဲဖြစ်ကြောင်း နည်းပြတန်ဟတ်ဂ်က ပြောပါတယ်။

မန်ယူအသင်းကို အဓိက ဆုဖလားတွေ ရယူပေးချင်ပြီး အဲဒီလို လုပ်ဆောင်နိုင်ဖို့အတွက် ရှေ့ဆက်ပြီး ကြိုးပမ်းသွားရမှာဖြစ်တယ်လို့လည်း နည်းပြတန်ဟတ်ဂ်က ပြောပါတယ်။

တန်ဟတ်ဂ်ဟာ မန်ယူနဲ့ ၂ နှစ်တာကာလအတွင်းမှာတော့ အက်ဖ်အေဖလားနဲ့ လိဂ်ဖလားတွေ ရယူနိုင်ခဲ့ပါတယ်။