မကြာသေးမီက အပတ်တွေမှာ မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်လူ ပေါလ်ပေါ့ဘာကို သူ့ရဲ့ ကလပ်ဟောင်း ဂျူဗင်တပ် နဲ့ စပိန်ဘီလူး ရီးရဲလ်မက်ဒရစ် တို့က ချိတ်ဆက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

ပြင်သစ်သားက ဒီနွေရာသီမှာ အိုးလ်ထရက်ဖို့ဒ် ကနေ ထွက်ခွာဖို့ အကြောင်းကို ပွင့်ပွင့်လင်းလင်း ပြောဆိုခဲ့တာပါ။ သူ့အေးဂျင်း ရိုင်းအိုလာကလဲ စိတ်ဝင်စားမှုတွေ ကြားက သူ့ကစားသမားအတွက် များပြားတဲ့ စာချုပ်သဘောတူညီမှု ရရှိဖို့ စိတ်အားထက်သန် နေမယ်ဆိုတာ အသေအချာပါပဲ။

ဒါပေမယ့် အီတလီ အေးဂျင့်ကို ဂလေဇာ မိသားစုက ပေါ့ဘာဟာ ရောင်းဖို့ မဟုတ်ဘူး ဆိုပြီး ပြောခဲ့တယ်လို့ သိရပါတယ်။ ဂျိုဝယ် နဲ့ အေဗရမ် ဂလေဇာတို့က ပေါ့ဘာဟာ ယူနိုက်တက် အတွက် မရှိမဖြစ် အရေးပါတယ်လို့ ယူဆနေပြီး သူတို့ရဲ့ ထင်မြင်ချက်တွေကို သိသာအောင် လုပ်ခဲ့တယ်လို့ စပိန်သတင်းစာတွေက ဆိုပါတယ်။

ပေါ့ဘာအတွက် မက်ဒရစ်ကလပ်ရဲ့ ကြိုးပမ်းမှုက မလွယ်ကူဘူးလို့ သိထားရတယ်။ တော်ဝင်အသင်းရဲ့ အကြီးအကဲတွေက ပေါ့ဘာရဲ့ များပြားတဲ့လစာငွေကို ပေးချေဖို့ ဆန္ဒမရှိနေပါဘူး။

လာလီဂါ ကလပ်ဟာ ပေါင် ၈၈သန်းနဲ့ ဟာဇက် အပါအဝင် ဒီနွေရာသီ အတွင်း ကစားသမား များစွာကို ငွေများစွာ သုံးစွဲ ခေါ်ယူခဲ့ပြီးလဲ ဖြစ်ပါတယ်။ လူကာ ဂျိုဗစ်၊ ဖာလန် မန်ဒီ၊ ရိုဒရီဂိုနဲ့ အီဒါ မီလီတာအို တို့အတွက် မက်ဒရစ်ဟာ စုစုပေါင်း ယူရို သန်း ၃၀၀ကျော် အသုံးပြုခဲ့တာပါ။

မန်ယူ နည်းပြ အိုလီဂန်နာ ဆိုးရှားက သူ့ကို မန်ချက်စတာ မှာ ဆက်ထိန်းထားဖို့ စိတ်အားထက်သန်နေတာလဲ ဖြစ်ပါတယ်။ ပေါ့ဘာကလဲ မန်ယူ နည်းပြ အပေါ် လေးစားမှု ရှိတယ်လို့ ထင်ရပါတယ်။

ပေါ့ဘာကပဲ “ကျနော်တို့ ကြားမှာ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိတယ်။ သူက အရမ်းတော်တဲ့သူပါ။ ကစားသမားတွေနဲ့ ဆက်ဆံရေး အရမ်းကောင်းပြီး သိပ်လဲ ရင်းနှီးပါတယ်။ အိုလီ ကျနော်တို့ကို ပထမဆုံး ပြောခဲ့တာက ဘောလုံးကစားတာကို မွေ့လျော်ဖို့ပါ။ ကျနော်တို့ အဲ့အတိုင်း လုပ်ခဲ့တယ်။ ကစားရတာကို ကျနော်တို့ ပျော်ပါတယ်။

အဲ့စကားက ရှိလား မရှိလားတော့ မသိပေမယ့် လူတွေက သူ့ကို ‘ကလေးမျက်နှာ’ လို့ ခေါ်ကြတယ်။ သူက ကောင်းပါတယ်။ ပျော်တတ်တဲ့ လူတစ်ယောက် ပါပဲ။ လူတွေရဲ့ မျက်နှာပေါ်ကို သူက အပြုံးတွေ ယူဆောင်လာခဲ့တယ်။ သူနဲ့အတူ ရှိရတာ တကယ်ကောင်းတဲ့ ပြောင်းလဲမှုပါ။ ” လို့ ပေါ့ဘာက ပြောဆိုခဲ့ပါတယ်။