မြန်မာနိုင်ငံတွင်း ပြင်ပဒေါ်လာဈေးက ဒီနေ့ ဇူလိုင် ၂၅ ရက်နေ့မှာ တဒေါ်လာကို ကျပ် ၅,၀၆၀ ထိ မြင့်တက်လာပြီး အခေါက်ရွှေဈေးက သိန်း ၆၀ ဝန်းကျင်ထိ မြင့်တက် ရောက်ရှိနေတယ်လို့ ဈေးကွက်အတွင်းက စုံစမ်းသိရှိရပါတယ်။
ဗဟိုဘဏ်က ငွေစက္ကူအသစ်တွေ ရိုက်ထုတ်ပေးပြီး ဘဏ်တွေရဲ့ ငွေသားလိုအပ်ချက်ကို ဖြည့်ပေးခဲ့တယ်ဆိုတဲ့ သတင်းတွေအပြီးမှာ မြန်မာကျပ်ငွေအပေါ် ယုံကြည်မှု လျော့ကျလာပြီး ရွှေနဲ့ ဒေါ်လာအပေါ် ရင်းနှီးမြှုပ်နှံမှု ပိုလာတာကြောင့် ဖြစ်တယ်လို့ ငွေကြေးလဲလှယ်ရေးလုပ်ငန်း လုပ်ကိုင်သူတွေက ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇွန်လပိုင်းက အမေရိကန် တဒေါ်လာကို ငွေကျပ် ၄,၅၀၀ ဝန်းကျင်မှာ အချိန်အတော်ကြာ ငြိမ်နေခဲ့ရာက ဘဏ်သတင်းဂယက်တွေနဲ့အတူ အမေရိကန် ဒေါ်လာဈေးက ဇူလိုင်လဆန်းပိုင်းက စတင်မြင့်တက်လာခဲ့တာပါ။
အလားတူ ပြည်တွင်းရွှေဈေးကလည်း အခုလအစပိုင်းက အကယ်ဒမီ အခေါက်ရွှေ တကျပ်သားကို ငွေကျပ် ၅၃ သိန်းကျော် ရှိရာကနေ အခုအခါ ကျပ်သိန်း ၆၀ ဝန်းကျင်အထိ မြင့်တက်လာပါတယ်။
အခုလဆန်းပိုင်းက သတ်မှတ်ထားတဲ့ ရာခိုင်နှုန်းကျော်ပြီး အိမ်ရာချေးငွေတွေ ထုတ်ချေးလို့ ပြည်တွင်းဘဏ် ၇ ဘဏ်ကို အရေးယူမယ် ကြေညာချက်ကြောင့်လည်း ဘဏ်လုပ်ငန်းတွေအပေါ် လူတွေရဲ့ ယုံကြည်မှု လျော့ကျမှု ဖြစ်ပေါ်ခဲ့ပါတယ်။