ဒီကနေ့ ဇူလိုင် ၂၆ ရက်နေ့မှာ တာဝန်ထမ်းဆောင်ဆဲ နိုင်ငံ့ဝန်ထမ်းများနှင့် အငြိမ်းစားဝန်ထမ်းများအတွက် လာမည့် ဩဂုတ်လမှစလို့ အပိုထောက်ပံ့ကြေး သုံးသောင်းကျပ် ခံစားခွင့်ပြုကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာသည်။
နိုင်ငံ့ဝန်ထမ်းများ နိုင်ငံတော် တာဝန်ထမ်းဆောင်ရာတွင် စားဝတ်နေရေးနှင့်သက်သာချောင်ချိရေးကို အထောက်အကူဖြစ်စေရန်အတွက် လစာနှုန်းထားတိုးမြှင့်ခြင်းနှင့် အပိုထောက်ပံ့ကြေးခံစားခွင့်ပြုခြင်းတို့ကို ဆောင်ရွက်ပေးခြင်းဟု ကြေညာချက်မှာ ပါရှိသည်။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှစတင်ကာ နိုင်ငံ့ ဝန်ထမ်းများအား လက်ရှိလစာအပြင် အပိုထောက်ပံ့ကြေးအဖြစ် တစ်ဦးလျှင်တစ်လကျပ် ၃၀,၀၀၀ ကို လစဉ်ခံစားခွင့်ပြုခဲ့ပြီး လာမယ့် ဩဂုတ်လမှစတင်ကာ နောက်ထပ် ၃၀,၀၀၀ ထပ်မံ ခံစားခွင့်ပြုခြင်းဖြစ်သည်။
ဒီတစ်ကြိမ်မှာတော့ နိုင်ငံတော်တာဝန်ကိုထမ်းဆောင်ခဲ့ပြီး လက်ရှိပင်စင်ခံစားနေကြသော နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအတွက်လည်း အပိုထောက်ပံ့ကြေးအဖြစ် တစ်ဦးလျှင် တစ်လ ကျပ် ၃၀,၀၀၀ ကို လစဉ် ခံစား ခွင့်ပြုမည်ဖြစ်သည်။
အဆိုပါ ထောက်ပံ့ကြေးများအား ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၁ ရက်မှ စတင် ခံစားခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။