မြန်မာနိုင်ငံအနှံ့က တိုက်ပွဲတွေကြောင့် ရန်ကုန်ကို စစ်ရှောင် ပြောင်းရွှေ့လာသူတွေ များလာသလို၊ မြန်မာကျပ်ငွေတန်ဖိုး ဆက်တိုက် ကျဆင်းတာတွေကြောင့် ရန်ကုန်မှာ အိမ်ခြံမြေ အရောင်းဈေးကွက် မြင့်တက်နေပါတယ်။
ဇူလိုင်လဆန်းပိုင်းကစလို့ ရှမ်းပြည်မြောက်ပိုင်း လားရှိုး၊ မန္တလေးတိုင်း မိုးကုတ်ဒေသနဲ့ ရခိုင်ပြည်နယ်တို့မှ ဒေသခံတွေဟာ စစ်ဘေးနဲ့ဝေးရာ ဒေသတွေကို ရှောင်ထွက်လာနေကြတာပါ။
စစ်ရှောင်အများအပြားဟာ ရန်ကုန်ကို ပြောင်းရွှေ့လာကြသလို တိုက်ခန်းအငှားစျေးကွက် အများကြီး အလုပ်ဖြစ်လာခဲ့တယ်လို့ ရန်ကုန်အိမ်ခြံမြေလုပ်ကိုင်သူတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ၃ နှစ်အတွင်း စျေးတွေတောက်လျှောက် တက်လာခဲ့တဲ့ ရန်ကုန်တိုက်ခန်းစျေးဟာ ၆ လွှာ အပေါ်ဆုံးထပ်တောင် ကျပ် သိန်း ၈၀၀ ဝန်းကျင် စျေးခေါ်လာနေပြီး မြေညီထပ်တွေဟာ ကျပ် သိန်း ၂၀၀၀ ဝန်းကျင် စျေးဖြစ်လာတယ်လို့လည်း အိမ်ခြံမြေ လုပ်ကိုင်သူတွေဆီက သိရတယ်။
တိုက်ခန်းစျေးတွေဟာ ဆက်တိုက်တက်နေသလို ဘဏ်တွေရဲ့ အိမ်ရာချေးငွေတွေ ရပ်ဆိုင်းနေတာကြောင့် အရောင်းအဝယ် ဖြစ်တာတွေ အတော်လေး နည်းပါးပေမယ့် အငှားစျေးကွက်က အလုပ်ဖြစ်နေတယ်လို့လည်း သိရပါတယ်။
လက်ရှိ မြန်မာပြည်တွင်း နိုင်ငံရေး အခြေအနေအရ ကာလတခုအထိ အိမ်ခြံမြေ ဈေးနှုန်း ဆက်တက်နေဦးမယ်လို့ အများစုက ခန့်မှန်းထားပါတယ်။