အာဆင်နယ် အသင်းဟာ ၂၀၀၄ ခုနှစ်နောက်ပိုင်း ပထမဆုံးသော ပရီးမီးယားလိဂ်ဖလားကို ပြန်ရယူရေးမှာ တိုက်စစ်က ကိုင် ဟာဗတ်ဇ်နဲ့ ဂါဘရီယဲလ် ဂျေးဇုတို့ကို အဓိကတိုက်စစ်မှူးတွေအဖြစ် အားထားနေရမှုကြောင့် ရုန်းကန်ရလိမ့်မယ်လို့ ဂိုးသမားဟောင်းကြီး Neil Shaka Hislop က ပြောကြားခဲ့ပါတယ်။

ဂန်းနားတွေဟာ ပြီးခဲ့တဲ့ ၂ ရာသီစလုံးမှာ ဆယ်စုနှစ် ၂ ခုကြာ စောင့်ဆိုင်းခဲ့ရတဲ့ အမှတ်ပေးဖလားအောင်ပွဲကို ရယူနိုင်ဖို့ နီးစပ်ခဲ့ပေမယ့်လည်း မန်ချက်စတာစီးတီးကို နောက်ဆုံးမှာ ရှုံးနိမ့်ခဲ့ရတာဖြစ်ပါတယ်။

အာတီတာရဲ့အသင်းဟာ လာမယ့်ရာသီမှာ ပိုမိုကောင်းမွန်လာပြီး ပရီးမီးယားလိဂ်ဖလားကို ကိုင်မြှောက်သွားနိုင်မယ့်ပုံပေါ်နေပေမယ့်လည်း တိုက်စစ်မှူးသစ် မခေါ်ရင်တော့ ဆုဖလား စောင့်ဆိုင်းနေရမှုက အဆုံးသတ်နိုင်ဦးမှာ မဟုတ်ဘူးလို့ Hislop က ယုံကြည်နေတာဖြစ်ပါတယ်။

Hislop က က အာတီတာကို ရာသီသစ်မစတင်ခင် တိုက်စစ်မှူးလိုနေတဲ့ ပြဿနာကို ဖြေရှင်းဖို့ တောင်းဆိုလိုက်တာဖြစ်ပါတယ်။

“အာဆင်နယ် တိုးတက်အောင် လုပ်ရမယ့်နေရာနဲ့ပတ်သက်ပြီး ခင်ဗျား စဉ်းစားလိုက်ရင် ပထမဆုံး တွေးမိတာက ခံစစ်မဟုတ်ပါဘူး။ သူတို့ရဲ့ ခံစစ်မှတ်တမ်းက ကောင်းတာထက်တောင် ပိုပါတယ်။ ဒါပေမယ့် တကယ်လိုအပ်နေတာက အာဆင်နယ်ရဲ့ တိုက်စစ်ပိုင်းပါ။

ဟာဗတ်ဇ်က အချိန်တော်တော်များများ အရေးကြီးတဲ့ပွဲတွေမှာ အရေးကြီးတဲ့သွင်းဂိုးတွေနဲ့ ထွက်ပေါ်လာခဲ့ပေမယ့် ကျွန်တော်ကတော့ သူက အသင်းကို ပရီးမီးယားလိဂ်ဖလားအနိုင်ရအောင် ဦးဆောင်ပေးနိုင်တဲ့ တိုက်စစ်မှူးလို့ မထင်ပါဘူး။

ဂါဘရီယဲလ် ဂျေးဇုကိုလည်း အဲဒီအတိုင်းပဲ ခံစားမိပါတယ်။ သူ အာဆင်နယ်ကို စစရောက်တုန်းက အံ့အားသင့်ဖွယ်စတင်နိုင်ခဲ့တယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒါပေမယ့် ဒဏ်ရာပြဿနာတွေကြောင့် အဲဒါတွေက ဝေဝါးသွားခဲ့တယ်။ နောက်ထပ် ဖြေရှင်းရမယ့် နေရာတွေလည်း ရှိပါသေးတယ်။

အာတီတာမှန်ပါတယ်။ ရမှတ်ကွာဟမှုက တကယ်ကို နည်းပါးပါတယ်။ အထူးသဖြင့် ရှေ့ဆက်ပြီး မန်စီးတီးက ဘယ်လောက်အထိ ကောင်းလာနိုင်ဦးမလဲဆိုတာကို ခင်ဗျား စဉ်းစားလိုက်တဲ့အချိန်မှာပေါ့။ အာဆင်နယ်မှာ လုပ်ရမယ့်အရာတွေ ရှိပါသေးတယ်။ ဘာလို့လဲဆိုတော့ သူတို့တွေ ဘယ်လောက်ကောင်းကောင်း ကပ်ကပ်ပြီး ခံနေရလို့ပါ”လို့ ပြောဆိုခဲ့ပါတယ်။