ဒီမနက် ကစားသွားတဲ့ အာဆင်နယ်နဲ့ မန်ချက်စတာ ယူနိုက်တက် တို့ ပွဲကတော့ ခြေစမ်းပွဲ တစ်ပွဲထက် ပိုတဲ့ ရသ ပေးနိုင်ခဲ့ပြီး ဒီပွဲမှာ နှစ်သင်းစလုံးက တကယ့်ပြိုင်ပွဲကြီးတစ်ခုလို အားကုန်ထုတ်ကစားခဲ့ကြပါတယ်။
အာဆင်နယ်အသင်းမှာ ဘန်ဝှိုက်၊ တင်ဘာ၊ ဇင်ချန်ကို၊ ဂျော်ဂျင်ညို၊ အော်ဒီဂါ၊ ထရော့ဆာ့ဒ်၊ ဂျေးဆုစတဲ့ အဓိက ကစားသမားတွေ ပွဲထွက်ကစားခဲ့ပြီး ပထမပိုင်းမိနစ် ၂၀ အတွင်း ယူနိုက်တက်အသင်းရဲ့ Pressing ကြောင့် ကစားကွက် တည်လို့မရဘဲ ရုန်းကန်ခဲ့ရတယ်။
ဂျော်ဂျင်ညိုဟာ ပြိုင်ဘက်က ဖိအားပေးလာပြီဆိုရင် တည်ငြိမ်မှုပျောက်လေ့ရှိတဲ့အတိုင်းပဲ အခုပွဲမှာလည်း ယူနိုက်တက် တိုက်စစ်ကို မထိန်းချုပ်နိုင်ခဲ့ဘူး။
ပထမပိုင်း ၁၀ မိနစ်မှာ ရပ်ရှ်ဖို့ဒ်ရဲ့ အကွက်မြင်မြင် ကန်တင်ပေးလိုက်တာကနေ ဟွိုင်လန်းက ဘောလုံးဆွဲပြေးပြီးတော့ အဖွင့်ဂိုးသွင်းခဲ့တယ်။
ဂိုးပေးပြီးနောက်ပိုင်းမှ အာဆင်နယ် ကစားကွက် ပြန်မိလာသလို ၂၆ မိနစ်မှာ လူကျွံအနေအထားကနေ ဂျေးဆုက ချေပဂိုးသွင်းယူခဲ့တယ်။
အာဆင်နယ်အသင်းမှာ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အသက်အငယ်ဆုံးကစားသမားအဖြစ် စံချိန်တင်ခဲ့တဲ့ ဆယ်ကျော်သက် ကွင်းလယ်လူ အီသန်နွန်နာရီဟာ အာဆင်နယ်ပရိသတ်တွေ ကျေနပ်လောက်စရာ စွမ်းဆောင်ရည်ပြသခဲ့ပြီး ဂျေးဆုရဲ့ချေပဂိုးက သူ ဖန်တီးပေးခဲ့တာဖြစ်ပါတယ်။
ယူနိုက်တက်အတွက် ကြီးမားတဲ့ထိုးနှက်ချက်က ဟွိုင်လန်းအပြင် နောက်ခံလူသစ် ယော်ရိုကလည်း ဒဏ်ရာရခဲ့လို့ ပထမပိုင်း ၃၅ မိနစ်မှာ လူစားလဲခဲ့ရတာပါပဲ။
ဒုတိယပိုင်းမှာတော့ နှစ်သင်းစလုံး ကစားသမားအပြောင်းအလဲတွေလုပ်ခဲ့ကြပြီး ယူနိုက်တက်ကစားအားကျသွားပေမဲ့ အာဆင်နယ်ကတော့ မာတင်နယ်လီရဲ့ထိုးဖောက်မှုတွေနဲ့ ယူနိုက်တက်ကို ဖိအားပေးနိုင်ခဲ့တယ်။
အာဆင်နယ်အတွက် အနိုင်ဂိုးကို ၈၁ မိနစ်မှာ မာတင်နယ်လီက ထုံးစံအတိုင်း တောင်ပံကနေ အတွင်းထဲကို Cut Inside လုပ်ပြီးတော့ ညာခြေနဲ့ပိတ်သွင်းခဲ့တာဖြစ်ပါတယ်။
မိနစ် ၉၀ အတွင်း အာဆင်နယ်တို့ ၂-၁ ဂိုးနဲ့အနိုင်ရခဲ့ပြီး မိနစ် ၉၀ ပြီးသွားပေမဲ့ ပယ်နယ်တီ ထပ်ကန်ခဲ့ကြတာမှာတော့ ယူနိုက်တက်က ၄-၃ ဂိုးနဲ့အနိုင်ရခဲ့ပါတယ်။