ပေါ့ဘာ အနေနဲ့ မန်ချက်စတာ ယူနိုက်တက်မှာ မပြီးပြတ်သေးတဲ့ တာဝန်တွေ ရှိသေးတာကြောင့် ရီးရဲလ်မက်ဒရစ်နဲ့ အပြောင်းအရွှေ့ကို မေ့ထားသင့်တယ်လို့ ပြင်သစ် ကြယ်ပွင့်ဟောင်း ရောဘတ် ပီရက်စ် က ဆိုပါတယ်။

ပရီးမီးယားလိဂ် မှာ အဆင့် ၆ သာ ရခဲ့တဲ့ သရဲနီတို့ရဲ့ စိတ်ပျက်ဖွယ် ရာသီ ပြီးတဲ့နောက် အသက် ၂၆နှစ်အရွယ် ကွင်းလယ်လူက စပိန်ကလပ်ထံ ပြောင်းရွှေ့ဖို့ သတင်းတွေ ထွက်နေခဲ့တာပါ။ ရီးရဲလ်မက်ဒရစ်ကို ကျော်ပြီး ပေါ့ဘာကို ယူနိုက်တက်တို့ ခေါ်ယူနိုင်ခဲ့ပြီးနောက် သုံးနှစ်အကြာ ဒီနွေရာသီမှာ ဘာနေဗျူးကို ရောက်ရှိနိုင်တယ် ဆိုတဲ့ ထင်ကြေးတွေက တိုးပွားလာခဲ့ပါတယ်။

ဒါပေမယ့် ၁၉၉၈ ခုနှစ်ကမ္ဘာဖလား ချန်ပီယံနဲ့ ၂၀၀၀ ခုနှစ် ယူရို ချန်ပီယံ ဖြစ်ခဲ့တဲ့ ပီရက်စ်က တနိုင်ငံတည်းသား ပေါ့ဘာဟာ မန်ယူရဲ့ ခေါင်းဆောင် ဖြစ်အောင်လုပ်ဖို့ လိုအပ်နေဆဲ ဖြစ်ပြီး အခုချိန်မှာ အိုးလ်ထရက်ဖို့ဒ် ကို စွန့်ခွာရင် မှားလိမ့်မယ်လို့ ပြောဆိုလိုက်ပါတယ်။

“ပေါ့ဘာက ကြီးကျယ်တဲ့ ကစားသမားတစ်ယောက်လို့ ကျနော် မြင်ပါတယ်။ မနှစ်က ရာသီက သူ့အတွက် အရမ်းခက်ခဲခဲ့တယ် ဆိုတာလဲ ကျနော် သိပါတယ်။ မန်ချက်စတာ ယူနိုက်တက်က ငွေတွေ အများကြီး သုံးခဲ့တာကြောင့် လူအများက ဒီအပြောင်းအရွှေ့ အကြောင်းပဲ ပြောနေကြတယ်။ ”

” ဒါကြောင့် အစမှာ ဒီဖိအားတွေကို ဖြေရှင်းဖို့ ခက်ခဲခဲ့တာ ဖြစ်မှာပါ။ ဒါပေမယ့် သူ့အတွက် အရေးအပါဆုံး အရာက ယူနိုက်တက် မှာ ဆက်နေဖို့ပဲလို့ ကျနော် ထင်တယ်။ ဒါက ကမ္ဘာ့အကြီးဆုံးနဲ့ အကောင်းဆုံး ကလပ် တစ်ခုပါ။ ပြီးတော့ သူ့မှာ မပြီးဆုံးသေးတဲ့ အလုပ်တွေ ရှိသေးတယ်။ ”

” သူ့အတွက် ယူနိုက်တက်က ပိုက်ဆံအများကြီး အကုန်ခံခဲ့တဲ့ အကြောင်းရင်းက သူ့အပေါ်ကို အများကြီး ယုံကြည်ခဲ့လို့ပါ။ ဘာကြောင့်လဲဆိုရင် အသင်းအတွက် သူက တကယ့်ခေါင်းဆောင် ဖြစ်နိုင်တယ်လေ။ ”

” ကလပ်တစ်ခုက မင်းကို အဲ့လိုမျိုး ငွေအများကြီး သုံးပြီး ခေါ်တယ်ဆိုရင် သူတို့ မင်းကို ယုံကြည်လို့ပဲ။ ဒါကို မင်း ခေါင်းထဲမှာ စွဲနေဖို့ အရေးကြီးတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ပေါ့ဘာ နားလည်မယ်ဆိုတာ ကျနော် သိပါတယ်။ ”

” သူတို့က သူ့အတွက် အများကြီး ရင်းနှီးမြှုပ်နှံ ခဲ့တယ်။ ဒါကြောင့် သူ့အနေနဲ့ ယူနိုက်တက်မှာ ဆက်နေပြီး သူလုပ်နိုင်တယ်လို့ သူတို့ယုံကြည်ထားတဲ့ အရာကို လုပ်ပြဖို့ အရမ်း အရေးကြီးတယ်။ ” လို့ ဆိုပါတယ်။

အိုလီဂန်နာဆိုးရှားရဲ့ အသင်းက နောက်ရာသီမှာ ယူရိုပါလိဂ် ကစားရမှာ ဖြစ်လို့ ပေါ့ဘာအနေနဲ့ မက်ဒရစ်နဲ့အတူ ချန်ပီယံလိဂ် ကစားနိုင်တဲ့ အခွင့်အရေးကို ပယ်ချဖို့ ခက်ခဲလိမ့်မယ်လို့ ပီရက်စ်က ဝန်ခံခဲ့ပါတယ်။

” မက်ဒရစ်နဲ့ ဇီဒန်းက ပေါလ်ကို လိုချင်တယ်ဆိုရင် ဒါက သူ့အတွက် တောင့်ခံနေဖို့ ခက်ခဲနိုင်တယ်ဆိုတာ ကျနော် သိပါတယ် ။ေ နာက်ရာသီမှာ ယူနိုက်တက်က ယူရိုပါလိဂ် ကစားရတော့မှာ။ ကစားသမားတိုင်းက ချန်ပီယံလိဂ် ကစားချင်ကြတာပါပဲ။ ”

“ေ ပါ့ဘာကလဲ မက်ဒရစ်နဲ့အတူ ဒီပြိုင်ပွဲကို အောင်မြင်ချင်မှာပါ။ ဒါပေမယ့် သူ့အနေနဲ့ ပရီးမီးယားလိဂ်မှာ ကစားသင့်သေးတယ်လို့ ကျနော် ထင်ပါတယ်။ ” လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။