ဒီမနက် အမေရိကန်မှာ ကစားတဲ့ လီဗာပူးနဲ့ အာဆင်နယ်တို့ရဲ့ ရာသီကြို ခြေစမ်းပွဲမှာတော့ လီဗာပူးက ၂-၁ နဲ့ အနိုင် ရရှိသွားပါတယ်။

ဒီပွဲ ပထမပိုင်း စွမ်းဆောင်ရည်ဟာဆိုရင် ရာသီသစ်မှာ ပရီးမီးယားလိဂ် ထိပ်ဆုံး နေရာတွေအတွက် လီဗာပူးနဲ့ အာဆင်နယ်တို့ အပြိုင် တိုက်ခိုက်နိုင်မယ်ဆိုတာ မြင်တွေ့ရခဲ့တာပါပဲ။

လီဗာပူးအသင်းက ဒီမှာ အာဆင်နယ်ထက်ပိုပြီး အချိတ်အဆက်မိခဲ့ပြီး နည်းပြ ဆလော့ကစားချင်တဲ့ပုံစံမျိုး ကစားနိုင်ခဲ့ပြီး တွဲလုံးတွေကနေ ဂိုးတွေသွင်းနိုင်ခဲ့တာကို တွေ့ရပါတယ်။

အာဆင်နယ်ကတော့ ပြီးခဲ့တဲ့ပွဲစဉ်တွေထက်စာရင် လူပြန်စုံလာပေမယ့် အချိတ်အဆက်တွေ လွဲချော်ခဲ့ပြီး ဒုတိယပိုင်းမှာလည်း ချေပဂိုး ပြန် မသွင်းနိုင်ခဲ့လို့ ရှုံးပွဲကြုံခဲ့ရပါတယ်။

နှစ်သင်းလုံး ဂိုးသွင်းခွင့်တွေ ဖန်တီးနိုင်ကာ သွင်းဂိုးကောင်း ၃ ဂိုးကို မြင်ခဲ့ရတယ်။ ပထမပိုင်းဟာ ဒီရာသီ ရာသီကြိုပွဲတွေမှာ မြင်ခဲ့ရသမျှ ခြေစမ်းပွဲတွေအတွင်း တန်ပို အမြင့်ဆုံး၊ အပြင်းထန်ဆုံး ၄၅ မိနစ်ပဲဖြစ်ပါတယ်။

ဟာဗေး အယ်လီယော့ရဲ့ အသက်ရှုမှားလောက်တဲ့ ပေးချက်တွေကို ဆာလာနဲ့ ကာဗာရိုတို့ အဆုံးသတ်ပေးနိုင်ခဲ့တယ်။ ဟာဗက်ဇ်ရဲ့ ခြေပဂိုးအတွင်း အာဆင်နယ်တို့ ထိုးဖောက်သွားပုံကလည်း လီဗာပူးအသင်းကို ပြာယာခတ်သွားစေပါတယ်။

ဒုတိယပိုင်းမှာတော့ နှစ်သင်းလုံးက ကစားအားကျသွားခဲ့သလို လူငယ်တွေကို ထည့်သွင်းခဲ့တာက ကြံ့ခိုင်မှုပိုင်းကို ပိုမို ဂရုစိုက်တဲ့ဘက် သွားခဲ့ပါတယ်။

အာဆင်နယ်ကတော့ ဒီပွဲ အပြီးမှာ ၁ ပွဲရှုံး၊ ၁ ပွဲနိုင်၊ ၁ ပွဲသရေဖြင့် အမေရိကန်ရာသီကြို ပြီးဆုံးကာ အမ်းမရိတ်ဖလားကစားဖို့ လန်ဒန်ကို ပြန်တော့မှာ ဖြစ်ပါတယ်။