အာဆင်နယ်ဟာ လော်ရီယန့်အသင်းရဲ့ တိုက်စစ်သမား မော်ရိုက်စ်အတွက် ဒုတိယမြောက် ကမ်းလှမ်းမှု ပယ်ချခံခဲ့ရပေမယ့် မကြာခင်မှာပဲ တတိယအကြိမ်မြောက် ထပ်မံကမ်းလှမ်းသွားမယ်လို့ သိရပါတယ်။

အာဆင်နယ်ဘက်က မော်ရိုက်စ်ကို ခေါ်ယူနိုင်ဖို့အတွက် ပေါင် ၆ သန်းနဲ့ စတင်ကာ ကမ်းလှမ်းခဲ့ပြီး လော်ရီယန့်အသင်းဘက်ကနေ ပယ်ချခဲ့တဲ့နောက် ဒုတိယအကြိမ် ပေါင် ၁၄ သန်းနဲ့ ထပ်မံကမ်းလှမ်းခဲ့ပေမယ့်လည်း သဘောတူညီမှု မရခဲ့တာဖြစ်ပါတယ်။

အသက် ၂၁နှစ်အရွယ် ပြင်သစ်လူငယ်အသင်း လက်ရွေးစင်ဟာ ပြီးခဲ့တဲ့ရာသီမှာ ပွဲစဉ် ၃၆ ပွဲ ပါဝင်ကစားခဲ့ပြီး ကိုယ်တိုင် သွင်းဂိုး ၁၄ ဂိုးအထိ သွင်းယူကာ ဂိုးထောက်ပံ့မှု ၄ ကြိမ် ပြုလုပ်ထားနိုင်တာကြောင့် အလားအလာကောင်းတဲ့ တိုက်စစ်သမားတစ်ဦးအဖြစ် နာမည်ရလာခဲ့သူဖြစ်တယ်။

လော်ရီယန့်ဘက်က တိုက်စစ်သမားအတွက် ပေါင် ၁၈ သန်းဝန်းကျင်ထိ အလိုရှိနေပြီး အာဆင်နယ်ဘက်ကတော့ မနှစ်နွေတုန်းက ဂူရန်ဒေါင်ဇီကို ခေါ်ယူစဉ် ရရှိခဲ့တဲ့ ဆက်ဆံရေးကောင်းတွေကြောင့် ပေါင် ၁၆ သန်းနဲ့ သဘောတူညီမှုရဖို့ မျှော်လင့်နေဆဲဖြစ်ပါတယ်။

အာဆင်နယ်ဟာ တိုက်စစ်မှူး ဒန်နီဝဲလ်ဘက်နဲ့ လမ်းခွဲထားမှုကြောင့် တိုက်စစ်ပိုင်းအင်အားဖြည့်မှုကို သေချာပေါက် ပြုလုပ်ဖို့ လိုအပ်နေသေးတာ ဖြစ်ပါတယ်။