နည်းပညာမြင့်လာပြီး ကုန်ကျစရိတ်ကျဆင်းလာခြင်းကြောင့် ဒရုန်းတွေကို အရပ်ဘက်ကော စစ်ဘက်ကပါ အသုံးပြုနှုန်း မြင့်မားလာချိန်မှာ သိပ္ပံပညာရှင်တွေက မတူခြားနားတဲ့ အဆင့်မြင့် ဒရုန်းတွေကို ဖန်တီးလာနေကြပါတယ်။
တရုတ်နိုင်ငံ ပေကျင်းရှိ Beihang တက္ကသိုလ်မှ သုတေသနပညာရှင်တွေကလည်း လေထဲမှာ ထာဝရ ပျံသန်းနိုင်တဲ့ နေရောင်ခြည်စွမ်းအင်သုံး ဒရုန်းသစ် တစ်မျိုးကို တီထွင်လိုက်ပါတယ်။
ဒရုန်းမှာ ဆိုလာအသေးစားနဲ့ အပါးစား တပ်ဆင်ထားကာ လေထဲမှာ ထာဝရ ပျံသန်းနိုင်ကြောင်းကို စမ်းသပ်ခန်းမှာ လက်တွေ့ပြသထားပါတယ်။ ပုံမှန် ဒရုန်းအမျိုးအစားတွေနဲ့ မတူညီသလို ဒရုန်းရဲ့ ခံနိုင်ရည်အားတွေကတော့ မသိရသေးပါဘူး။
ဒီဘက်ခေတ်မှာ ဒရုန်းတွေကို ဝေဟင်ဓာတ်ပုံပညာ၊ ထုတ်ကုန်ဖြန့်ဝေရေး၊ စိုက်ပျိုးရေးတို့မှသည် ထောက်လှမ်းရေးနဲ့ စစ်ဘက်သုံးတွေအပြင် ဖျော်ဖြေရေးနဲ့ မှောင်ခိုလုပ်ငန်းတွေမှာပါ အသုံးပြုလာနေတာပါ။
ဂျပန် ကုမ္ပဏီတွေဖြစ်တဲ့ Penta Ocean Construction နဲ့ Prodrone Co. Ltd တို့ကတော့ ပင်လယ်ပြင် သုတေသနလုပ်ငန်းနဲ့ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု လုပ်ငန်းတွေမှာ အသုံးပြုနိုင်မယ့် ဒရုန်းအသစ်ကို တီထွက်လာပါတယ်။
သူတို့ တီထွင်ထားတဲ့ ဒရုန်းဟာ ဂြိုလ်တု စနစ်ကို အသုံးပြုထားတာကြောင့် လက်ရှိ တည်နေရာကို အချိန်နဲ့ တစ်ပြေးညီ ပြသပေးနိုင်ပါတယ်။ သဘာဝဘေးအန္တရာယ် ကျရောက်တဲ့ ဒေသတွေမှာလည်း ကောင်းကင်ကနေ ဓါတ်ပုံတွေ ရိုက်ကူးပေးနိုင်သလို ရေပြင်မှာပါ မောင်းနှင်နိုင်တယ်လို့ သိရပါတယ်။
အဆိုပါ ဒရုန်းဟာ ပင်လယ်ပြင်မှာ သုတေသန လုပ်ဖို့အတွက် စွမ်းရည်မြင့်မားပြီး အနာဂတ်မှာတော့ ရေအောက်မှာ သွားလာနိုင်တဲ့ ဒရုန်းတွေပါ တီထွင်လာကြဖွယ် ရှိနေပါတယ်။