အာဆင်နယ် ကွင်းလယ်ဟောင်း ဂရန်းနစ် ချာကာဟာ အမ်းမရိတ်စ်ကနေ ထွက်ခွာခဲ့ပြီးနောက် ပထမဆုံးအကြိမ် အဖြစ် ဒီမနက်က နေရာဟောင်းသို့ ပြန်လာပြီး လီဗာကူဆင် အသင်းနဲ့ အတူ ခြေစမ်းပွဲ လာ ကစားခဲ့ပါတယ်။ ဒီပွဲမှာ အာဆင်နယ်က လီဗာပူဆင်ကို ၄-၁ နဲ့ အနိုင်ရခဲ့ပါတယ်။
ဆွစ်ဇာလန်လက်ရွေးစင်ကွင်းလယ်ကြယ်ပွင့်ဟာ ပြီးခဲ့တဲ့နွေရာသီမှာ ၇ နှစ်ကြာ ကစားပေးခဲ့တဲ့ အာဆင်နယ်ကို စွန့်ခွာပြီး ဘွန်ဒက်စ်လီဂါချန်ပီယံတွေ ဖြစ်လာမယ့် ဇာဘီ အလွန်ဆိုရဲ့ လေဗာကူဆင်အသင်းကို ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။
ချာကာဟာ ပြီးခဲ့တဲ့ရာသီမှာ ရှုံးပွဲမရှိစံချိန်နဲ့ ဖလား ၂ လုံးအထိ ထူးထူးခြားခြား ဆွတ်ခူးနိုင်ခဲ့တဲ့အသင်းအတွက် အရေးကြီးတဲ့အခန်းကဏ္ဍကနေ ပါဝင်ကစားပေးနိုင်ခဲ့တာကြောင့် အလွန်ကောင်းမွန်တဲ့ အပြောင်းအရွှေ့ဖြစ်ခဲ့တာဖြစ်ပါတယ်။
ချာကာ ကတော့ အာဆင်နယ်ကနေ ထွက်ခွာခဲ့သည်တိုင် အခုထိ နေ့တိုင်း အဆက်အသွယ်ရှိနေဆဲဖြစ်တဲ့ အာဆင်နယ် အသင်းဖော်ဟောင်း ၃ ဦးက ဘယ်သူတွေလဲဆိုတာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
“ခင်ဗျား အသင်းတစ်သင်းမှာ၇ နှစ်လောက် ကစားခဲ့မယ်ဆိုရင် အိမ်ပြန်ခရီးက ထူးခြားမှာပါ။ အထူးသဖြင့် အဲဒီမှာ အရင်တုန်းက ရှိခဲ့တဲ့ လူတွေကြောင့်ပေါ့။ ကျွန်တော် အာဆင်နယ်မှာ အံ့အားသင့်စရာ အချိန်တွေ ပိုင်ဆိုင်ခဲ့ပြီး ဒီနေ့အထိ ကစားသမားတွေ၊ နည်းပြအဖွဲ့ဝင်တွေနဲ့ နေ့စဉ်အဆက်အသွယ်ရှိနေတုန်းပါပဲ။
အဓိကအားဖြင့် သောမတ်စ် ပါတေး၊ ဇင်ချန်ကို၊ ဂါဘရီယဲလ် ဂျေးဇုတို့နဲ့ နေ့တိုင်း စကားပြောဖြစ်ပါတယ်။ ကျွန်တော် ဒီပွဲကို စောင့်မျှော်နေတာပါ။ အရမ်းကို အားကောင်းတဲ့ ပြိုင်ဘက်ပါ။ ကျွန်တော်တို့ ချန်ပီယံလိဂ်မှာ ရင်ဆိုင်ဖို့အတွက် ကြိုပြင်ထားရမယ့် ပြိုင်ဘက်ဆိုရင်လည်း ဟုတ်ပါတယ်။”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။
အသက် ၃၁ နှစ်အရွယ် ကွင်းလယ်ကစားသမားက လက်ရှိ အာဆင်နယ်ကြယ်ပွင့် ကစားသမားအများအပြားနဲ့ အလွန် ရင်းနှီးတဲ့ ဆက်ဆံရေးရှိနေဆဲ ဖြစ်ပါတယ်။