မန်စီးတီးနည်းပြဟောင်း Stuart Pearce က ဂွာဒီယိုလာရဲ့ လက်ရှိ မန်စီးတီးအသင်းဟာ အင်အားတောင့်တင်းပေမယ့် ကွန်ပနီ ထွက်ခွာ သွားတဲ့ ခံစစ်နေရာ၊ ဖာနန်ဒင်ဟိုနေရာ ဆက်ခံဖို့ ကွင်းလယ်ခံစစ် တစ်နေရာနဲ့ တိုက်စစ်မှူး တစ်နေရာ ထပ်မံ အင်အားဖြည့်ဖို့ လိုအပ်ကြောင်း ထောက်ပြလိုက်ပါတယ်။

မန်စီးတီးအသင်းဟာ အသက်(၁၉)နှစ်အရွယ် ဘင်ဖီကာကြယ်ပွင့် ဂျိုအာ ဖီးလစ်ကို ခေါ်ယူဖို့အတွက် အသာစီးရရှိနေပြီလို့ သတင်းထွက်လာ ပြန်ပါတယ်။ ဖီလစ်ကို မန်ယူနဲ့ အက်သလက်တီကိုတို့ကလည်း အပြိုင် ကြိုးပမ်းနေကြပြီး စီးတီးက ဖိလစ်ကို ခေါ်ယူပြီး ဘင်ဖီကာဆီ အငှားပြန်ချပေးဖို့ ရည်ရွယ်ထားတာကြောင့် အားသာချက် ရှိလာတာ ဖြစ်ပါတယ်။

မန်စီးတီး၊ ဘိုင်ယန်မြူးနစ်တို့က ကွင်းလယ်ကစားသမား ရိုဒရီကို ပစ်မှတ်ထားနေတာကြောင့် အက်သလက်တီကိုဘက်ကလည်း ၄င်း နေရာ အတွက် ရီးရဲလ်မက်ဒရစ် ကွင်းလယ်ကစားသမား လော်ရာတေးကို ခေါ်ယူလိုနေပါတယ်။

မန်စီးတီး တိုက်စစ်မှူး ဂျီဆုက ၄င်းနဲ့ အဂွယ်ရိုဟာ လာမယ့်ဘောလုံးရာသီမှာလည်း အီတီဟက်မှာ ဆက်ရှိသွားမှာ ဖြစ်ပြီး မေးခွန်းထုတ်စရာ မလိုကြောင်း ပြောကြားလိုက်ပါတယ်။

လာမယ့်ရာသီ မန်စီးတီးဟာ ပြည်တွင်းအမှတ်ပေးဖလားကို အာရုံစိုက်သင့်သလား၊ ချန်ပီယံလိဂ်ကို အာရုံစိုက်သင့်လားဆိုတဲ့ မေးခွန်းအတွက် ပရိသတ်တွေကို မဲပေးစေရာ အံ့သြစရာအနေအဖြစ် ၅၀-၅၀ တူညီနေပါတယ်။