ပြည်တွင်းရွှေစျေးကွက် ထိန်းချုပ်ခံထားရပြီး ပြင်ပစျေး ကျပ် သိန်း ၇၀ ကျော်နေချိန်မှာ စနစ်သစ်နဲ့ အရောင်းအဝယ် လုပ်နေကြောင်း ရွှေဆိုင်တွေဘက်က ပြောပြလာပါတယ်။

ကုန်စျေးနှုန်းတွေ မမြင့်တက်ဖို့ ရွှေအသင်းက ရည်ညွှန်းစျေး သတ်မှတ်ပေးပေမယ့် အဆိုပါစျေးနဲ့ အပြင်မှာ ရွှေပြန်ဝယ်လို့မရကြောင်း မဟာဗန္ဓုလလမ်းပေါ်က ရွှေဆိုင်ပိုင်ရှင်တဦးက ရှင်းပြပါတယ်။

ဒါကြောင့် ပြည်တွင်းရွှေဆိုင်တွေကဆိုရင် ၁၆ ပဲရည် ၁ ကျပ်သား အထည်ကို အလျော့တွက် ၅ ပဲကနေ ၇ပဲထိ ယူပြီး ပြင်ပစျေးနဲ့ ကိုက်ညီအောင် အပြောင်းအလဲ လုပ်လာကြပါတယ်။

ရွှေဆိုင်တွေမှာ ရွှေလုပ်ငန်းရှင်အသင်းက ထုတ်ပြန်ထားတဲ့ ရွှေရည်ညွှန်းဈေးကို ထုတ်ပြန်ချိတ်ဆွဲထားပေမယ့် အလျော့တွက် ပိုထည့်ကာ ပြင်ပပေါက်စျေးအတိုင်း ရောင်းချနိုင်ဖို့ ရွှေဆိုင်တွေဘက်က စနစ်သစ် ပြောင်းလဲလာခြင်း ဖြစ်ပါတယ်။

ရွှေထည်တွေကို ပြန်ရောင်းချင်ရင် ဘောက်ချာမှာ ထည့်သွင်းထားတဲ့ အလျော့တွက် အားလုံး အရှုံးခံရမှာလားကတော့ ဝယ်ယူတဲ့ ဆိုင်အပေါ်ပဲ မူတည်ပါတယ်။

အချို့ဆိုင်မှာ အလျော့တွက်ဟာ ရောင်းရောင်းလဲလဲ အရှုံးဖြစ်ကာ ဆိုင်ကြီးအချို့က ဈေးကွက်ပေါက်ဈေးကို ၁၀ ရာခိုင်နှုန်းလျှော့ပြီး ပြန်လည်ဝယ်ယူတယ်လို့ သိရပါတယ်။