အာဆင်နယ်အသင်းအနေနဲ့ အခု နွေဈေးကွက် မပိတ်သိမ်းခင်မှာ ဘရန့်ဖို့ဒ်မှ အင်္ဂလန် တိုက်စစ်မှူး အိုင်ဗန် တိုနေးကို ခေါ်ယူသွားဖို့ သရဲနီဟောင်းကြီး ပေါလ် စခိုးက တိုက်တွန်း ပြောဆိုလိုက်ပါတယ်။

အာဆင်နယ်က လက်ရှိမှာ ဘိုလော့ဂ်နာအသင်းရဲ့ အီတလီ ခံစစ်ကစားသမားလေး ရီကာဒို ကာလာဖီအိုရီ တစ်ဦးတည်း ကိုသာ ခေါ်ယူလို့ထားပြီး နောက်ထပ် ကစားသမားသစ် ခေါ်ယူမှုအဖြစ် ဆိုစီဒက် ကွင်းလယ်ကစားသမား မီခယ်လ် မော်ရီနိုကို ခေါ်ယူသွားဖို့ပါ နီးစပ်လို့နေပါတယ်။

အာဆင်နယ်က ဘယ်ခြမ်းခံစစ်နေရာနဲ့ ကွင်းလယ်နေရာတွေအတွက် ဖြည့်တင်းမှုတွေ လုပ်ထားပေမယ့်လည်း တိုက်စစ်ပိုင်းအတွက် အထောင်တိုက်စစ်မှူးတစ်ဦးလောက် ထပ်မံ ဖြည့်တင်းသွားသင့်တယ်လို့ အသင်းပရိသတ်တွေက တိုက်တွန်းနေသလို ပေါလ် စခိုးကလည်း ထောက်ပြ တိုက်တွန်းလာခဲ့တာပါ။

“ပြီးခဲ့တဲ့ ဘောလုံးရာသီက သွင်းယူခဲ့တဲ့ ဂိုးပမာဏကြောင့် သူတို့ အဲ့ဒီနေရာမှာ လုံလောက်မှု ရှိမနေဘူးဆိုတာ ပြောရဖို့က ခက်ခဲပါတယ်။ အထောင်တိုက်စစ်မှူးတစ်ဦးကို ခေါ်ယူလိုက်ခြင်းက သူတို့အသင်းအတွက် အထောက်အကူ ဖြစ်စေမယ်လို့ ကျွန်တော် ထင်မိပါတယ်။”

“တစ်ရာသီမှာ (၂၅)ဂိုးလောက်အထိ အာမခံချက် ရှိနိုင်မယ့် နံပါတ် (၉) တိုက်စစ်မှူးမျိုးကို ခေါ်ယူလိုက်နိုင်ပြီဆိုရင် ဒါက အသင်းအတွက် အထောက်အကူ ဖြစ်စေနိုင်ပါတယ်။ အဲ့ဒီလို ကစားသမားမျိုးရော ရှိနေလားဆိုတော့ ကျွန်တော်ကတော့ အိုင်ဗန် တိုနေးကိုပဲ အများကြီး ဖော်ပြပေးသွားချင်ပါတယ်။”

“သူက အာဆင်နယ်အသင်းမှာသာ ကစားမယ်ဆိုရင် တစ်ရာသီကို (၂၅)လောက် သွင်းယူနိုင်မှာ ဖြစ်ပြီးတော့ အာဆင်နယ် မဟုတ်ပဲ အခြား အသင်းတော်တော်များများမှာ ကစားမယ်ဆိုရင်လည်း တစ်ရာသီ (၂၅)ဂိုးလေက် သွင်းယူနိုင်မယ်လို့ ကျွန်တော် ထင်မိပါတယ်။” လို့ ပေါလ် စခိုးက မှတ်ချက်ပြု သုံးသပ်သွားခဲ့ပါတယ်။