မန်စီးတီး နည်းပြ ပက် ဂွါဒီယိုလာ ကတော့ ဒီည ကွန်မြူနတီဒိုင်းပွဲ ပွဲကြိုမှာ ပရီးမီးယားလိဂ် ပြိုင်ဘက်တွေ ဖြစ်တဲ့ အာဆင်နယ်နဲ့ မန်ချက်စတာ ယူနိုက်တက် တို့လည်း ငွေသုံး လူခေါ်ကြတဲ့ အပေါ် ထောက်ပြ ပြောဆိုလိုက်ပါတယ်။
ဒီနွေ အပြောင်းအရွှေ့မှာ အာဆင်နယ်က ရီကာဒို ကာလာဖီအိုရီကို ခေါ်ထားပါတယ်။ မန်ချက်စတာ ယူနိုက်တက်က ယိုရိုနဲ့ ဇတ်ဇီး တို့ကို ခေါ်ထားပြီး နှစ်သင်းလုံး ကစားသမား ခေါ်ယူမှုတွေ အတွက် ဆက်လက် လှုပ်ရှားနေဆဲပါ။
ဂွါဒီယိုလာ က ” အာဆင်နယ်နဲ့ ယူနိုက်တက်တို့ အပြောင်းအရွှေ့မှာ ပိုက်ဆံဖြုန်းနေတာ နှစ်ပေါင်းများစွာကြာပါပြီ။ အခုမှမဟုတ်ပါဘူး။ ဟိုးအရင်ကတည်းကပါ။ ဒါပေမယ့် အဲဒါက သတင်းမဖြစ်ပါဘူး။ မန်စီးတီးက ပိုက်ဆံသုံးမှပဲ သတင်းဖြစ်ပါလိမ့်မယ်။ ” လို့ ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
စီးတီး နည်းပြ ပက် ဂွါဒီယိုလာက သူ့အသင်း ကစားသမားသစ် ခေါ်ရင် ပြဿနာ ဝိုင်းလုပ်ကြတယ်၊ ဒီနှစ်သင်း ကစားသမား သစ်တွေ ခေါ်တဲ့အခါ ဘယ်သူကမှ ပြဿနာမရှာဘူးဆိုတဲ့ သဘောမျိုး ရည်ညွှန်း ပြောသွားခဲ့တာ ဖြစ်ပါတယ်။
မန်ချက်စတာ စီးတီး ဟာ ပရီးမီးယားလိဂ်နဲ့ ဘဏ္ဍာရေး စည်းမျဉ်း ချိုးဖောက်တဲ့ အမှုတွေလည်း ရင်ဆိုင်နေရကာ စောင့်ကြည့်ခံနေရပါတယ်။