လီဗာပူးအသင်းဟာ ပြောင်းရွှေ့ကြေး အလွတ်နဲ့ ခေါ်ယူနိုင်မယ့် ၀ါဒါဘရီမင် တိုက်စစ်မှူး မက် ခရူးစ်ကို ခေါ်ယူဖို့ ဆွေးနွေးမှုများ စတင်နေပြီလို့ သတင်းများမှာ ဖော်ပြနေကြပြီး လီဗာပူး အခြေစိုက် သတင်းများကတော့ ကလော့ပ်ဟာ အိုရီဂီကို နှစ်သက်နေတာကြောင့် သက်တမ်းတိုးပြီး အခြားတိုက်စစ်မှူး ခေါ်ယူမှာ မဟုတ်ဘူး ငြင်းဆိုနေကြပါတယ်။

လီဗာပူးတိုက်စစ်မှူး ဆာလက်ကို ရီးရဲလ်မက်ဒရစ်နဲ့ ဂျူဗင်တပ်အသင်းတို့က ခေါ်ယူဖို့ စိတ်ဝင်စားနေပေမယ့် ဆာလက်ကတော့ လာမယ့် ဘောလုံးရာသီ အန်းဖီးလ်မှာ ဆက်ရှိသွားမှာ ဖြစ်ပြီး နောက်ရာသီ အကုန်မှာ ၄င်း အနေအထားကို ပြန်သုံးသပ်ကာ အပြောင်းအရွှေ့ ကိစ္စများ စဉ်းစားသွားမယ်လို့ ပြောကြားလိုက်ပါတယ်။

လီဗာပူးနည်းပြ အဖွဲ့ဝင်တွေဟာ ချန်ပီယံလိဂ် ဗိုလ်လုပွဲမတိုင်ခင် ခြေစမ်းပွဲ ယှဉ်ပြိုင်ခဲ့တဲ့ ဘင်ဖီကာ ဘီ အသင်းမှ ကွင်းလယ်ကစားသမား David Tavares ရဲ့ ခြေစွမ်းကို အထင်ကြီးသဘောကျနေပြီး ခေါ်ယူလိုနေကြတယ်လို့ သိရပါတယ်။

အေစီမီလန်အသင်းဟာ လီဗာပူး ဗဟိုခံစစ်မှူး ဒီဂျန် လိုဗရန်ကို ခေါ်ယူဖို့ ဆွေးနွေးနေပြီ ဖြစ်ပါတယ်။ လိုဗရန်ရဲ့ အေးဂျင့်ဖြစ်သူက အပြောင်းအရွှေ့ ကိစ္စများ ညှိနှိုးဖို့ မီလန်မြို့သို့ ရောက်ရှိနေပြီး ပုဂ္ဂိုလ်ရေး သဘောတူညီချက် ရရှိဖို့ ဆွေးနွေးနေပါတယ်။

လီဗာပူး၊ မန်ယူ၊ စပါး အသင်းတို့က စိတ်ဝင်စားနေတဲ့ စပို့တင်းလစ္စဘွန်း ကွင်းလယ် ကစားသမားဘရူနို ဖာနန်ဒက်စ်ကို အက်သလက်တီကို အသင်းကလည်း ခေါ်ယူဖို့ ပြင်ဆင်လာပါတယ်။ အက်သလက်တီကိုက ၄င်းအတွက် ပြောင်းရွှေ့ကြေး ပေါင် (၅၃) သန်းနဲ့ ကမ်းလှမ်းသွားဖို့ ရှိနေတာပါ။

လီဗာပူးအသင်းဟာ ယာဂင်ကလော့ပ်ကိုယ်တိုင် မျက်စိကျနေတဲ့ နစ်ကိုးလပ်စ်ပီပီကို ခေါ်ယူဖို့ ပြိုင်ဘက်အသင်းများကို ကျော်လွှားပြီး ရှေ့ရောက် လာကြောင်း ပြင်သစ် သတင်းတွေမှာ ဖော်ပြလာပါတယ်။ အသက် ၂၄ နှစ်အရွယ် ကွင်းလယ် တိုက်စစ်သမားကို ဘိုင်ယန်မြူးနစ်နဲ့ အင်တာမီလန် တို့ကလည်း စိတ်ဝင်စားနေတာပါ။