အာဆင်နယ်အသင်းဟာ မနေ့ညက အမ်းမရိတ်စ်မှာ လိုင်ယွန်ကို ၂-၀ ဂိုးနဲ့ သက်တောင့်သက်သာ အနိုင်ယူပြီးတော့ ရာသီကြိုခြေစမ်းပွဲတွေကို အနိုင်ရလဒ်နဲ့အဆုံးသတ်ခဲ့သလို ကစားသမားသစ် ကာလာဖီအိုရီကလည်း ပွဲဦးထွက်ပါဝင်ကစားခဲ့ပါတယ်။

အခုနွေရာသီအတွင်း ဘိုလော့ဂ်နာကနေ ပေါင် ၄၂ သန်းနဲ့ပြောင်းရွှေ့ခဲ့သူ ကာလာဖီအိုရီဟာ လိုင်ယွန်နဲ့ပွဲ၊ ဒုတိယပိုင်း ၆၄ မိနစ်မှာ လူစားဝင်ကစားခဲ့ပြီး သူ ဝင်လာချိန်မှာ အာဆင်နယ်ပရိသတ်တွေက လက်ခုပ်တီးကြိုဆိုခဲ့ကြပါတယ်။

ကာလာဖီအိုရီက ဇင်ချင်ကိုရဲ့ ဘယ်နောက်ခံလူနေရာမှာ ကစားခဲ့ပြီး ပုံစံကောင်းပြသနိုင်သလို ပွဲပြီးခါနီး ၁၄ မိနစ်မှာတော့ ခံစစ်အတွင်းလူအဖြစ် ပြောင်းလဲကစားခဲ့ပါတယ်။ ခံစစ်မှာ နေရာစုံကစားနိုင်တာကြောင့် အသက် ၂၂ နှစ်သာရှိသေးတဲ့ ကာလာဖီအိုရီကို အာတီတာက ဈေးကြီးပေး ခေါ်ယူခဲ့တာလည်းဖြစ်ပါတယ်။

ပွဲစကတည်းက လိုင်ယွန်ကို ဖိအားပေးကစားနိုင်တဲ့ အာဆင်နယ်အသင်းဟာ ၉ မိနစ်မှာပဲ အဖွင့်ဂိုးရခဲ့ပြီး ဒီကလန်ရိုက်စ်ရဲ့ထောင့်ကန်ဘောကနေ နောက်ခံလူဆာလီဘာက အနီးကပ်ခေါင်းတိုက်ချက်နဲ့ ဂိုးသွင်းခဲ့ပါတယ်။

အာဆင်နယ် တောင်ပံတိုက်စစ်ကစားသမားတွေဖြစ်ကြတဲ့ ဆာကာ၊ မာတင်နယ်လီတို့ ဂိုးသွင်းခွင့်တွေရခဲ့ပေမဲ့ လွဲချော်ခဲ့လို့သာ အခုထက် ပိုပြီးဂိုးမပြတ်ခဲ့တာပါ။

၂၇ မိနစ်မှာ အာဆင်နယ်တို့ ဒုတိယဂိုးရခဲ့ပြီး ပထမဂိုးနဲ့တစ်ပုံစံတည်းပဲ ဒီကလန်ရိုက်စ်ရဲ့ထောင့်ကန်ဘောကနေ ဂါဘရီယဲလ်က ခေါင်းတိုက်သွင်းယူခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်အသင်းရဲ့ set pieces တွေကို အသုံးချနိုင်မှု စွမ်းဆောင်ရည်ကတော့ ထုံးစံအတိုင်း ထက်မြက်နေဆဲ ဆိုတာ မြင်ခဲ့ရပါတယ်။

အာဆင်နယ်က မနှစ်က ပရီးမီးယားလိဂ်မှာ ထောင့်ကန်ဘောကနေ ၁၆ ဂိုးအထိ သွင်းယူခဲ့တာကြောင့် ပရီးမီးယားလိဂ်ကလပ်တွေထဲမှာ အကောင်းဆုံးမှတ်တမ်းဖြစ်ခဲ့သလို set pieces တွေက သွင်းယူခဲ့တဲ့ စုစုပေါင်း ဂိုးအရေအတွက်က ၂၂ ဂိုး အထိ ရှိခဲ့ပါတယ်။

အခုပွဲမတိုင်ခင် ဘယ်လို ရလဒ်ပဲထွက်ပေါ်ပါစေ ပွဲအပြီးကျရင် ပယ်နယ်တီကန်ဖို့ စီစဉ်ထားပေမဲ့ အဲဒီအစီအစဉ်ကို ဖျက်သိမ်းခဲ့ပြီး အာဆင်နယ်ကစားသမားတွေဟာ အမ်းမရိတ်စ်ဖလားနဲ့အတူ အောင်ပွဲခံခဲ့ကြပါတယ်။

အာဆင်နယ်အသင်းဟာ လာမယ့် စနေနေ့ကျရင် ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲအဖြစ် ဝုလ်ဗ်အသင်းနဲ့အိမ်ကွင်းပွဲ စတင် ကစားရမှာဖြစ်ပါတယ်။