PFA တစ်နှစ်တာ အကောင်းဆုံး လူငယ် ကစားသမားဆု အတွက် ဆန်ခါတင် ၆ ဦးစာရင်းထွက်ပေါ်လာခဲ့ရာ အသင်းကြီးတွေထဲကနေ အာဆင်နယ်မှ ဆာကာ၊ ချယ်ဆီးမှ ပါလ်မာနဲ့ မန်ချက်စတာ ယူနိုက်တက်မှ ဂါနာချို၊ ကိုဘီမင်နူး တို့ ပါဝင်ခဲ့ပါတယ်။
အခု ဆန်ခါတင်စာရင်းကို PFA အဖွဲ့ဝင်တွေက မဲပေးရွေးချယ်ပြီး ထုတ်ပြန်ကြေညာခဲ့ရာ ထို ၄ဦးနဲ့အတူ အခုနွေရာသီအပြောင်းအရွှေ့အတွင်း ဘိုင်ယန်မြူးနစ်ကို ရောက်ရှိသွားတဲ့ ခရစ္စတယ်ပဲလေ့စ် မှ အိုလီဆေး၊ ဘရိုက်တန် တိုက်စစ် ကစားသမား ယာအိုပတ်ဒရိုတို့လည်း ရွေးချယ်ခံခဲ့ရပါတယ်။
၂၀၂၄ PFA လူငယ် အကောင်းဆုံးဆုအတွက် ပြိုင်ဆိုင်မှုက အရင်နှစ်တွေကထက် ပိုပြင်းထန်ပြီး အခုစာရင်းမှာ ပါဝင်ခဲ့သူတိုင်းဟာ ပြီးခဲ့တဲ့ရာသီတုန်းက သက်ဆိုင်ရာ ကလပ်အသင်းတွေအတွက် ခြေစွမ်းပြနိုင်ခဲ့ကြပါတယ်။
မနှစ်က PFA လူငယ်အကောင်းဆုံးဆု ရယူခဲ့သူ အာဆင်နယ်တောင်ပံတိုက်စစ်ကစားသမား ဆာကာကလည်း အသင်းအတွက် ၁၆ ဂိုးသွင်း၊ ဂိုးဖန်တီးမှု ၉ ကြိမ်ပြုလုပ်ခဲ့ပြီး ဒီဆုကို ၂ နှစ်ဆက်တိုက် ဆွတ်ခူးနိုင်တဲ့ ပထမဆုံး အာဆင်နယ် ကစားသမားအဖြစ် စံချိန်တင်ခွင့်ရဖို့ အခွင့်အရေး ရှိနေပါပြီ။
ပြီးခဲ့တဲ့ရာသီက ချယ်လ်ဆီးအသင်းအတွက် ခြေစွမ်းပြခဲ့တဲ့ အင်္ဂလန်လူငယ်ကြယ်ပွင့် ပါလ်မာဟာ ဆုရရှိဖို့ ရေပန်းစားသူတွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်နေပါတယ်။
ယူနိုက်တက်လူငယ်ကြယ်ပွင့်နှစ်ဦးဖြစ်တဲ့ ဂါနာချိုနဲ့ကိုဘီမင်နူးတို့ဟာလည်း ပြီးခဲ့တဲ့ရာသီမှာ အသင်းရဲ့အဓိက ကစားသမားတွေ အဖြစ် ပါဝင်ခြေစွမ်းပြခဲ့ကြပါတယ်။
အိုလီဆေး၊ ယာအိုပတ်ဒရိုတိုဟာ မနှစ်က ကိုယ့်အသင်းအတွက် အကောင်းဆုံးကစားနိုင်ခဲ့ကြပေမဲ့ ဆာကာ၊ ဂါနာချို၊ ကိုဘီမင်နူး၊ ပါလ်မာတို့ကို ကျော်ဖြတ်ပြီးတော့ ဆုရယူနိုင်ဖို့ ခဲယဉ်းပါတယ်။
PFA လူငယ် အကောင်းဆုံးဆု ရရှိသူကို နောက်တစ်ပတ် အင်္ဂါနေ့ကျရင် ထုတ်ပြန်ကြေညာသွားမှာဖြစ်ပါတယ်။