မန်စီးတီး အသင်းရဲ့ ဂန္တဝင် တိုက်စစ်မှုးဟောင်းကြီး အဂွယ်ရို ကတော့ လာမယ့် ရာသီ စီးတီးရဲ့ ပရီးမီးယားလိဂ် ချန်ပီယံ ဘွဲ့ကို ကာကွယ်ရေးမှာ အကြီးမားဆုံး ပြိုင်ဘက် ဖြစ်လာမှာက အာဆင်နယ် အသင်း လို့ ယူဆထားပြီး သုံးသပ် သတိပေးမှုတွေ ပြုလုပ်လိုက်ပါတယ်။
အာဆင်နယ် အသင်းဟာ ပြီးခဲ့တဲ့ နှစ်ရာသီ ဆက်တိုက် မန်စီးတီးရဲ့ နောက်ကောက်ချ ခံရပြီး ချန်ပီယံ ဆု ကို လွဲခဲ့ရတာကြောင့် ၃နှစ် ဆက်တိုက် ခါးသီးတဲ့ အတွေ့အကြုံ ထပ် မကြုံရအောင် အားကုန် ထုတ်လာဖွယ် ရှိနေပါတယ်။
မန်စီးတီးဟာ ဒီနွေမှာ ကစားသမားသစ် ခေါ်ယူမှု ဆိုလို့ ဆာဗင်ဟို တစ်ဦးတည်းသာ ရှိသေးပြီး အားထားရတဲ့ အရန် တိုက်စစ်မှုး အဲဗာရက်စ်ကိုလည်း ရောင်းထုတ်ထားပါတယ်။
ဒါကြောင့် အသင်းဟောင်း မန်စီးတီး အား အဂွယ်ရို က အခုလို သုံးသပ် သတိပေးစကား ဆိုလိုက်ပါတယ်။
“တကယ်လို့ မန်စီးတီးသာ ဒီနှစ်မှာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ထပ်လိုချင်တယ်ဆိုရင် အာဆင်နယ် က စီးတီးကို ဖြုတ်ချဖို့ အနီးစပ်ဆုံး အနေအထားမှာ ရှိနေတယ်လို့ ကျွန်တော် ထင်ပါတယ်။
အာတီတာ က သူ့ရဲ့ကစားဟန်ကို တစ်ဆင့်မြှင့်ထားပြီး ကစားသမားတွေကိုယ်တိုင်လည်း အာတီတာ ဘာကိုလိုချင်တယ်၊ ဘာလုပ်ချင်တယ် ဆိုတာ သိပါတယ်။
ဒါကြောင့် ကစားသမားတွေဟာ တစ်နေ့ထက် တစ်နေ့ ပိုကောင်းအောင် လုပ်ဆောင်ဖိုကြိုးစားနေမှာပါ။ မန်စီးတီးသာ ဒီရာသီ ချန်ပီယံဖြစ်ချင်တယ် ဆိုရင် အာဆင်နယ်ကို သတိကြီးကြီး ထားရပါလိမ့်မယ်” လို့ အဂွယ်ရိုက သတိပေးစကား ဆိုလိုက်ပါတယ်။