အမေရိကန်ဒေါ်လာဈေးကတော့ မနေ့ ဩဂုတ် ၁၃ ရက်၊ နေ့လယ်ပိုင်းက တဒေါ်လာ ၇၂၀၀ ကျပ်ဝန်းကျင် ရှိခဲ့တာဖြစ်ပြီး ဒီကနေ့မှာ တောက်လျှောက် ပြန်လည် ကျဆင်းလာတာကို တွေ့ရပါတယ်။
မနက်ပိုင်းမှာတော့ တဒေါ်လာ ကျပ် ၇၀၀၀ ဝန်းကျင်ကို ရောက်ရှိနေကာ ဒီနေ့ ညနေပိုင်းမှာ တစ်ဒေါ်လာကို မြန်မာကျပ်ငွေ ၆၃၀၀ ဝန်းကျင်ရှိနေပြီး စျေးအနည်းငယ်ကျဆင်းသွားတယ်လို့ နိုင်ငံခြား ငွေလဲလှယ်ရေးလုပ်ငန်း လုပ်သူတွေက ပြောပါတယ်။
ဒါအပြင် ထိုင်းဘတ်ငွေဈေးဟာလည်း မနေ့ ဩဂုတ်လ ၁၃ ရက်ကစလို့ တဘတ်ကို မြန်မာငွေ နှစ်ရာကျပ် ဖြစ်လာတာကြောင့် မြန်မာငွေတသိန်းကို ထိုင်းဘတ် ငါးရာသာ ရရှိတော့မှာဖြစ်တယ်လို့ ထိုင်း – မြန်မာ ငွေလွှဲလုပ်ငန်း လုပ်ကိုင်သူတွေက ပြောပါတယ်။
ဒီကနေ့မှာ ထိုင်းတစ်ဘတ်ကို မြန်မာငွေ ၁၆၆ ကျပ်ရှိတာကြောင့် မြန်မာကျပ်ငွေ တန်ဖိုး အနည်းငယ် မြင့်တက်လာနေပါတယ်။
ညပိုင်းမှာတော့ ငွေစျေးတွေ ပြန်တက်လာကြောင်း ဖော်ပြမှုတွေရှိကာ ငွေလဲနှုန်းတွေ မတည်ငြိမ်ခြင်းကြောင့် စျေးကွက်ထဲမှာ အရောင်းအဝယ်တွေ ပိတ်ထားပြီး အခြေအနေ စောင့်ကြည့်နေရတယ်လို့ ငွေလွှဲလုပ်ငန်း လုပ်ကိုင်သူတွေက မှတ်ချက်ပေးနေကြပါတယ်။