ပရီးမီးယားလိဂ် ဝါရင့် ဘောလုံးပွဲ သုံးသပ် ခန့်မှန်းသူ တစ်ဦးဖြစ်တဲ့ လော်ရိုးက ၂၀၂၄-၂၀၂၅ ဘောလုံးရာသီသစ် အတွက် သုံးသပ် ခန့်မှန်းလာရာ ချန်ပီယံက အာဆင်နယ် အသင်းလို့ ဟောကိန်း ထုတ်လိုက်ပါတယ်။
ပြီးခဲ့တဲ့ လေးရာသီ ဆက်တိုက် ချန်ပီယံ ဖြစ်ခဲ့တဲ့ မန်စီးတီးက ဒီရာသီမှာ သိသာသာ ကျဆင်းသွားမယ် လို့ လော်ရိုး ခန့်မှန်းမှာ ဖော်ပြထားပါတယ်။
ချန်ပီယံသစ် အနေနဲ့ ဂန်းနားတို့ ထွက်လာမှာ ဖြစ်ပြီး ကစားသမား တစ်ဦးမှ မခေါ်ရသေးဘဲ နည်းပြသစ်နဲ့ ရာသီသစ် စတင်မယ့် လီဗာပူးကိုတော့ စီးတီးထက် ကျော်တက်ကာ အဆင့် ၂ ဖြစ်မယ်လို့ လော်ရိုးက ခန့်မှန်းချက် ထုတ်ထားပါတယ်။
” မန်စီးတီးရဲ့ ဆက်တိုက် အောင်မြင်မှုကို အာဆင်နယ်က ရပ်တန့်ပေးမှာပါ။ စည်းမျဉ်း ၁၁၅ ခု ချိုးဖောက်မှုအတွက် စီးတီးကို အမှတ်လျော့ ပြစ်ဒဏ် ပေးမလားက စိတ်ဝင်စားစရာပါပဲ။
လီဗာပူးက မန်နေဂျာသစ်နဲ့ ဖြစ်တာကြောင့် သိပ်မသေချာပေမယ့် အာဆင်နယ်က ပို ပိုကောင်းလာလို့ ဒီရာသီ ဖလား အနိုင်ရမှာပါ။ လီဗာပူးကတော့ ဒုတိယရပြီး မန်စီးတီးနဲ့ အက်စတွန်ဗီလာက ထိပ်ဆုံး ၄ သင်း ဝင်ပါလိမ့်မယ်။ ” လို့ လော်ရိုးက ခန့်မှန်းခဲ့တယ်။
အဆင့် ၅ နဲ့ အဆင့် ၆ နေရာတွေကို စပါးနဲ့ နယူးကာဆယ်တို့ ရမယ် လို့ လော်ရိုးက ခန့်မှန်းပါတယ်။
ချန်ပီယံရှစ် ထံကို တန်းဆင်းရမယ့် ၃ သင်းကတော့ ဆောက်သမ်တန်၊ အစ်ဝစ်ချ်၊ လက်စတာတို့ပဲ ဖြစ်မယ်လို့ လော်ရိုးက ဆိုပါတယ်။