အေစီမီလန်အသင်းဟာ အာဆင်နယ်အသင်းထံမှ လူးကပ်တော်ရဲရားကို ခေါ်ဖို့ ၄င်းတို့ကွင်းလယ်ကစားသမား အိုင်ဗရီကို့စ်သား Franck Kessie နဲ့ အလဲအထပ် ကမ်းလှမ်းသွားရန် ကြံရွယ်နေပါတယ်။

ပြီးခဲ့တဲ့ရာသီက ဟော်ဖန်ဟိန်းမှာ အငှားသွားရောက် ကစားခဲ့တဲ့ အင်္ဂလန် U21 လက်ရွေးစင် ကစားသမား ရေးစ် နယ်လ်ဆန်က ၄င်းရဲ့ အဓိက ရည်မှန်းချက်က အာဆင်နယ်အသင်းကြီးထဲ ပါဝင်ကစားရဖို့ ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

အာဆင်နယ်ဟာ လာမယ့် ရက်ပိုင်းအတွင်းမှာပဲ Dynamo Dresden ကလပ်မှ အသက် ၂၁ နှစ်အရွယ် ဂျာမန်သား ဂိုးသမား Markus Schubert ကို ပြောင်းရွှေ့ကြေး အလွတ်နဲ့ ခေါ်ယူနိုင်တော့မယ်လို့ သိရပါတယ်။

အာဆင်နယ်ခံစစ်မှူး ချမ်ဘာက ပြီးခဲ့တဲ့ရာသီက ဖူဟမ်မှာ အငှားသွား ကစားရင်း ခြေစွမ်းပြခဲ့ပေမယ့် အာဆင်နယ်ကတော့ ၄င်းကို ရောင်းချလိုနေပြီး ကမ်းလှမ်းမှုများကို လက်ခံစဉ်းစားသွားမယ်လို့ သိရပါတယ်။

ဆွစ်ဇာလန်သား ကွင်းလယ်လူ ဇာခါက အင်တာမီလန်နဲ့ သတင်းတွေထွက်နေပေမယ့် ဒီနွေမှာ အာဆင်နယ်ကနေ ထွက်ခွာမယ်ဆိုတဲ့ သတင်းတွေက ငြင်းဆန် ပယ်ချလိုက်ပြီး အသင်းမှာသာ ဆက်ရှိနေမယ်လို့ ဆိုခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ လီရူးတူး ကလပ် လော်ရီယန့်အသင်းရဲ့ တိုက်စစ်မှူး အလက်ဆစ် ကလောက်ဒီမောရိုက်စ်နဲ့ ပုဂ္ဂိုလ်ရေးပိုင်း သဘောတူညီမှု ရရှိခဲ့ပြီးတဲ့နောက် ပြောင်းရွှေ့ကြေး သဘောတူညီမှု ရဖို့ အတွက် တတိယအကြိမ်မြောက် ကမ်းလှမ်းသွားဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

နည်းပြ အူနိုင်းအမ်မရီဟာ အသက်(၂၁)နှစ်အရွယ် တိုက်စစ်သမား ကလောက်ဒီမောရိုက်စ် အတွက် နှစ်ကြိမ်အထိ ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချခံထားရတာပါ။ လော်ရီယန့်ဟာ ကလောက်ဒီမောရိုက်စ်အတွက် ပေါင်(၁၈)သန်း တန်ကြေး သတ်မှတ်ထားပါတယ်။

အာဆင်နယ်အသင်းမှ အသက် ၂၀ အရွယ် လူငယ်တိုက်စစ်မှူး အက်ဒီ နကီတီယာကို ချန်ပီယံရှစ်ကလပ် ဘရစ္စတိုးလ် စီးတီးအသင်းက ခေါ်ယူဖို့ ကြိုးပမ်းလာပါတယ်။