အာဆင်နယ် အသင်ဂိုးသမား ဒေးဗစ် ရာယာဟာ အက်စတွန်ဗီလာနဲ့ပွဲမှာ ပြိုင်ဘက်တိုက်စစ်မှူး ဝက်ကင်စ်ရဲ့ ခေါင်းတိုက်ချက်ကို အံ့အားသင့်စရာကောင်းအောင် လက်စွမ်းပြ ပုတ်ထုတ်ခဲ့ပြီး သူက အဲဒီအခွင့်အရေးကို ဘယ်လိုလုပ် ကာကွယ်နိုင်ခဲ့လဲဆိုတာ သူကိုယ်တိုင်တောင် မသိဘူးလို့ ဝန်ခံပြောဆိုခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ အဝေးကွင်းမှာ အက်စတွန်ဗီလာကို ထရော့ဆာ့ဒ်၊ ပါတေးတို့ရဲ့ဂိုးတွေကြောင့် ၂-၀ ဂိုးနဲ့အနိုင်ရခဲ့ပြီး ပြီးခဲ့တဲ့ရာသီက အိမ်ကွင်း၊ အဝေးကွင်းနှစ်ကျော့စလုံးရှုံးခဲ့တဲ့ ရှုံးကြွေးကို ပြန်ဆပ်နိုင်ခဲ့ပါတယ်။
ဒါပေမဲ့လည်း အာတီတာက ဝက်ကင်စ်ရဲ့ အပိုင်ခေါင်းတိုက်ချက်ကို ရာယာ ပဉ္စလက်ဆန်ဆန် ကာကွယ်နိုင်ခဲ့တာက အခုပွဲအတွက် ကြီးမားတဲ့အလှည့်အပြောင်းဖြစ်စေတယ်လို့ ဝန်ခံခဲ့ပါတယ်။
ဒုတိယပိုင်း ၅၆ မိနစ်မှာ အက်စတွန်ဗီလာကွင်းလယ်လူ အိုနာနာရဲ့ကန်ချက်က လူထိပြီးတော့ ဂိုးဘားတန်းနဲ့ထိပြီး ပြန်ကျလာတာကို ဂိုးရှေ့မှာအသင့်စောင့်နေတဲ့ ဝက်ကင်စ်က ခေါင်းတိုက်ခဲ့တာဖြစ်ပေမဲ့ ရာယာဟာ ပုတ်ထုတ်ကာကွယ်နိုင်ခဲ့ပါတယ်။
ပွဲအပြီး အင်တာဗျူးမှာ Man of The Match ဆုပိုင်ရှင် ရာယာက “ကိုယ့်ဘာသာကိုယ် ဘာလုပ်လို့လုပ်မိမှန်းမသိဘဲ ဂိုးပေါက်ကာကွယ်နိုင်တဲ့အထဲမှာ အဲဒီအကြိမ်လည်းပါဝင်ပါတယ်။ ဒါက တကယ့်ကို အံ့အားသင့်စရာကောင်းတဲ့ ဂိုးပေါက်ကာကွယ်မှုပါပဲ။”
“ကျွန်တော်က မြေပြင်ပေါ် လဲကျနေချိန်မှာ ဝက်ကင်စ်ဟာ ခေါင်းတိုက်ပိတ်သွင်းခဲ့တာကို တွေ့လိုက်ရတဲ့အတွက် အမြန်ဆုံးပြန်ထနိုင်အောင် ကြိုးစားခဲ့ပါတယ်။ ကျွန်တော့်ရဲ့အလုပ်ကြိုးစားမှုက အကျိုးပေးခဲ့တာလို့ပဲ ပြောရမှာပါ”
“အခု နိုင်ပွဲအတွက် ကျွန်တော်တစ်ယောက်တည်းရဲ့ ကာကွယ်မှုတင်မဟုတ်ဘဲ အားလုံးက သူရဲကောင်းဖြစ်ခဲ့ပါတယ်။ ထရော့ဆာ့ဒ်နဲ့ပါတေးတို့လည်း ဂိုးသွင်းနိုင်ခဲ့တာကြောင့်သာ ကျွန်တော်တို့ နိုင်ပွဲရခဲ့တာဖြစ်ပါတယ်”လို့ ဖြေကြားခဲ့ပါတယ်။