အာဆင်နယ်အသင်းဟာ ဆိုစီဒက်မှ စပိန် လက်ရွေးစင် ကွင်းလယ် ကစားသမား မီခေးလ် မိုရီနို ကို ပေါင် ၃၁.၆ သန်းဖြင့် ခေါ်ယူအားဖြည့် လိုက်ပြီ ဖြစ်ပါတယ်။
အသက် ၂၈ နှစ်ရှိ အလယ်တန်းကစားသမားဟာ အာဆင်နယ်နှင့် ၄ နှစ် စာချုပ် ချုပ်ဆိုလာတာ ဖြစ်ပြီး စာချုပ်အတွင်းမှာ ၁၂ လ သက်တမ်းတိုးနိုင်မဲ့အချက်ကိုလည်း ထည့်သွင်းထားပါတယ်။
အာဆင်နယ်ဟာ မိုရီနို အတွက် ပေါင် ၂၇.၄ သန်းပေးရမှာ ဖြစ်ပြီး ကျန် ပေါင် ၄.၂ သန်းကို အောင်မြင်မှုအပေါ် မူတည်ပြီး ထပ်မံပေးရပါမယ်။
မီခေးလ်အာတီတာက “မီခေးလ်ရဲ့ အတွေ့အကြုံနဲ့ စွယ်စုံကစားနိုင်မှုတွေက ကျွန်တော်တို့အတွက် အရည်အသွေးများစွာ ယူဆောင်လာမဲ့ ကစားသမားတစ်ဦး ဖြစ်ပါတယ်”လို့ ပြောကြားသွားပါတယ်။
မိုရီနို ဟာ ယူရို ၂၀၂၄ ချန်ပီယံ စပိန်အသင်းတွင် ပါဝင်ခဲ့သူ ဖြစ်ပြီး ယူရို ပွဲ ၇ ပွဲလုံး ပါဝင်ကစားခဲ့သလို ဂျာမနီကို အနိုင်ရတဲ့ ကွာတားဖိုင်နယ်ပွဲစဉ်မှာ အချိန်ပိုမှာ အနိုင်ဂိုးသွင်းနိုင်ခဲ့ပါသေးတယ်။
အာဆင်နယ်ဟာ ယခုနွေရာသီမှာ မိုရီနို အား မခေါ်ယူမီ စပိန်ဂိုးသမား ဒေးဗစ်ရာယာကို လည်းကောင်း၊ အီတလီနောက်ခံလူ ရီကာဒို ကာလာဖီအိုရီကိုလည်းကောင်း ခေါ်ယူအားဖြည့်ထားပါတယ်။
မိုရီနို ဟာ အာဆင်နယ် ကွင်းလယ် မှာ နေရာရရှိရေးအတွက် ဒီကလန်ရိုက်စ်၊ ဂျော်ဂျင်ဟို၊ သောမတ်စ်ပါတေး၊ မာတင်အိုဒီဂတ်တို့နှင့် ယှဉ်ပြိုင်သွားရပါမယ်။
မိုရီနို က နယူးကာဆယ်တွင် တစ်နှစ်ကြာ ကစားဖူးရာ ပရီးမီးယားလိဂ်အတွေ့အကြုံလည်း ရှိသူ ဖြစ်ပြီး အာဆင်နယ် အသင်းခေါင်းဆောင် မာတင်အိုဒီဂတ်နှင့် ဆိုစီဒက်မှာ တွဲကစားခဲ့ဖူးပါတယ်။
စပိန်အတွက် ၂၈ ပွဲကစားထားတဲ့ မီရီနိုဟာ ပြီးခဲ့တဲ့ ရာသီတုန်းက ဆိုစီဒက် အတွက် ပြိုင်ပွဲအရပ်ရပ်တွင် ၄၅ ပွဲကစားခဲ့ရာမှာ ၈ ဂိုးအထိ သွင်းနိုင်ခဲ့ပါတယ်။