အာဆင်နယ် အသင်းရဲ့ အင်္ဂလန်သား ဂိုးသမား အေရွန်ရမ်ဒေးလ်ကို ပြောင်းရွှေ့ကြေး ပေါင် ၂၅ သန်းဖြင့် ခေါ်ယူရန် ဆောက်သမ်တန် က သဘောတူညီမှု ရရှိသွားခဲ့ပြီ ဖြစ်ပါတယ်။

အသက် ၂၆ နှစ်ရှိ ရမ်ဒေးလ်ဟာ သောကြာနေ့ည အပြောင်းအရွှေ့ဈေးကွက် မပိတ်မီ ဆောက်သမ်တန်သို့ အပြောင်းအရွှေ့အား အပြီးသတ်လာပါမယ်။

ဆောက်သမ်တန်ဟာ အေရွန်ရမ်ဒေးလ်အတွက် ပြောင်းရွှေ့ကြေး ပေါင် ၁၈ သန်းပေးရမှာ ဖြစ်ပြီး ကျန် ပေါင် ၇ သန်းအား အသင်းစွမ်းဆောင်ရည်အပေါ် မူတည်ပြီး ထပ်မံပေးရပါမယ်။

အေရွန်ရမ်ဒေးလ်ဟာ ၂၀၂၂-၂၃ ရာသီတုန်းက ပရီးမီးယားလိဂ်တွင် ဒုတိယနေရာမှာ ရပ်တည်ခဲ့တဲ့ အာဆင်နယ်ရဲ့ ပရီးမီးယားလိဂ်ပွဲအားလုံး အချိန်ပြည့် ကစားခွင့်ရခဲ့ပါတယ်။

ဒါပေမဲ့ သူဟာ ပြီးခဲ့တဲ့ ရာသီမှာတော့ ဘရန့်ဖို့ဒ်မှ အငှားဖြင့် ရောက်လာတဲ့ စပိန်ဂိုးသမားဒေးဗစ်ရာယာကြောင့် ဒုတိယဦးစားပေး ဂိုးသမားအဖြစ်သာ ကစားခွင့်ရခဲ့ပါတယ်။

ယခုနွေရာသီမှာ အာဆင်နယ်ဟာ ရာယာကို အပြီးသတ်ခေါ်ယူလိုက်ရာ ရမ်ဒေးလ်အတွက် ပွဲထွက်ဂိုးသမားနေရာ မျှော်လင့်ချက် လုံးဝ ကုန်ဆုံးသွားပြီလည်း ဖြစ်ပါတယ်။

ရမ်ဒေးလ်ဟာ ၂၀၂၁ ခုနှစ်တွင် ရှက်ဖီးလ်ယူနိုက်တက်မှ ပေါင် ၂၄ သန်းဖြင့် ပြောင်းလာပြီးနောက် အာဆင်နယ် အတွက် ပရီးမီးယားလိဂ်ပွဲ ၇၈ ပွဲ ကစားပေးခဲ့ပါတယ်။

ဆောက်သမ်တန်ဟာ ပရီးမီးယားလိဂ်အဖွင့်ပွဲ ၂ ပွဲလုံး ရှုံးနိမ့်ခဲ့တဲ့ ပွဲများတွင် အသက် ၃၄ နှစ်အရွယ်ရှိ ဂိုးသမား အဲလက်စ်မက္ကာသီအား အသုံးပြုခဲ့ပါတယ်။

ရမ်ဒေးလ်ဟာ အင်္ဂလန်အသင်းအတွက် ၅ ပွဲကစားခွင့်ရထားသူ ဖြစ်ပြီး ဇွန်လတုန်းက အိုက်စလန်နှင့်ပွဲတွင် အင်္ဂလန် အတွက် နောက်ဆုံး ကစားခွင့်ရခဲ့တာ ဖြစ်ပါတယ်။