အာဆင်နယ်ဟာ မနေ့က အပြောင်းအရွှေ့ ပိတ်ရက်မှာ ပရီးမီးယားလိဂ်ပြိုင်ဘက် ချဲလ်ဆီးမှ အင်္ဂလန်တောင်ပံကစားသမားရာဟမ်းစတာလင်းကို အငှားဖြင့် ခေါ်ယူလိုက်ပါတယ်။
အသက် ၂၉ နှစ်ရှိ စတာလင်းဟာ ချဲလ်ဆီးနည်းပြသစ်အန်ဇိုမာရက်စ်ကာရဲ့ စီမံကိန်းတွင် မပါဝင်ကြောင်း အသိပေးခြင်းခံရပြီးနောက် အခြားကစားသမားများနှင့်အတူ သီးသန့်လေ့ကျင့်ခန်းဆင်းမှုသာ ပြုလုပ်ခဲ့ရသူ ဖြစ်ပါတယ်။
အာဆင်နယ်သို့ ရောက်လာပြီးနောက် စတာလင်းက “မယုံကြည်နိုင်တဲ့ ခံစားမှုပါ။ အရမ်းစိတ်လှုပ်ရှားတယ်။ နောက်ကျပြီးမှ အပြောင်းအရွှေ့ ဖြစ်လာတယ်ဆိုပေမဲ့ ဖြစ်လာဖို့ မျှော်လင့်ခဲ့တဲ့ အပြောင်းအရွှေ့ပါ။ ပတ်ဝန်းကျင်ကို ကြည့်လိုက်တာနဲ့ ကျွန်တော်နဲ့ အံဝင်မဲ့ နေရာဆိုတာ သိလိုက်ရပါတယ်။ အပြောင်းအရွှေ့ ဖြစ်လာလို့ ဝမ်းသာရပါတယ်”လို့ မိတ်ဆက် စကား ပြောကြားသွားပါတယ်။
စတာလင်းဟာ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လတွင် မန်စီးတီးမှ ချဲလ်ဆီးသို့ ပေါင်သန်း ၅၀ ဖြင့် ပြောင်းရွှေ့ပြီးနောက် ၈၁ ပွဲကစားခဲ့ရာမှာ ၁၉ ဂိုးသွင်းနိုင်ခဲ့ပါတယ်။
လီဗာပူးကစားသမားဟောင်းဟာ ချဲလ်ဆီးပိုင်ရှင်သစ် တော့ဒ်ဘိုလေးနှင့် ဘီဒက်အက်ဘာလီတို့လက်ထက် ပထမဆုံး ခေါ်ယူတဲ့ ချဲလ်ဆီးကစားသမားလည်း ဖြစ်ပါတယ်။
သူဟာ ပြီးခဲ့တဲ့ ရာသီတုန်းက ပြိုင်ပွဲအရပ်ရပ်တွင် ၄၃ ပွဲကစားခွင့်ရခဲ့ပေမဲ့ ယခုရာသီတွင် နည်းပြသစ်မာရက်စ်ကာလက်အောက်မှာ လူစာရင်းမှာပင် ချန်လှပ်ခံခဲ့ရပါတယ်။
ချဲလ်ဆီးဟာ ယခုနွေရာသီတွင် ကစားသမား ၁၁ ဦးကို ပေါင်သန်း ၂၀၀ ကျော် အသုံးပြုကာ ခေါ်ယူပြီးနောက် ကစားသမားများစွာတို့အား ထွက်ခွာစေခဲ့ပါတယ်။
စတာလင်းဟာ မန်စီးတီးတွင် လက်ထောက်နည်းပြအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ မီခေးလ်အာတီတာနှင့် ပြန်လည်လက်တွဲရပါမယ်။
စတာလင်းဟာ အင်္ဂလန်အတွက် ၈၂ ပွဲကစားထားသူ ဖြစ်ပြီး ယူရို ၂၀၂၀ တုန်းက ဒုတိယရရှိတဲ့အသင်းတွင် အရေးပါတဲ့ ကစားသမားဖြစ်ခဲ့ပါတယ်။