လက်ရှိ ၂၀၂၄-၂၅ ရာသီအတွက် အာဆင်နယ်အသင်းမှ လုပ်ခ လစာငွေ အများဆုံး ကစားသမားစာရင်း ထွက်ပေါ်လာပြီး ကစားသမားသစ် စတာလင်က လစာငွေအများဆုံးအဖြစ် ရပ်တည်နေပါတယ်။
ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်မှာ မန်စီးတီးအသင်းနဲ့ ၂ မှတ်အကွာလေးနဲ့ ချန်ပီယံဆုကို လက်လွှတ်ခဲ့ရပြီးတဲ့နောက် အာဆင်နယ်အသင်းဟာ ဒီရာသီမှာ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ဖို့ ပစ်မှတ်ထားနေပြီး နွေရာသီအပြောင်းအရွှေ့အတွင်း နည်းပြအာတီတာဟာ ကစားသမားသစ်တွေ ခေါ်ယူအားဖြည့်ခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ ဘရန့်ဖို့ဒ်ဆီကနေ အငှားနဲ့ခေါ်ယူထားတဲ့ ဂိုးသမားဒေးဗစ်ရိုင်ယာကို အပြီးသတ်စာချုပ်ခဲ့သလို ကာလာဖီအိုရီ၊ မီခေးလ်မာရီနိုတို့ နှစ်ယောက်ကိုလည်း ပေါင်သန်း ၇၀ အထိ အသုံးပြုခေါ်ယူခဲ့ပါတယ်။
အပြောင်းအရွှေ့နောက်ဆုံးရက်မှာ လူပြောများစရာဖြစ်ခဲ့တာက လန်ဒန်မြို့ခံပြိုင်ဘက် ချယ်ဆီးအသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမား စတာလင်ကို အာဆင်နယ်တို့ အငှားနဲ့အံ့အားသင့်စရာ ခေါ်ယူခဲ့တာပဲဖြစ်ပါတယ်။
အသက် ၂၉ နှစ်အရွယ်ရှိပြီဖြစ်သူ စတာလင်ဟာ နည်းပြသစ်မာရက်စ်ကာရဲ့စီမံကိန်းတွေထဲမှာ မပါဝင်တော့တာကြောင့် စီနီယာအသင်းနဲ့လေ့ကျင့်ခန်းဆင်းခွင့် မရတော့တဲ့အတွက် အာတီတာက မန်စီးတီးအသင်းမှာ သူ လက်ထောက်နည်းပြအဖြစ်ဆောင်ရွက်ခဲ့တုန်းက လက်တွဲခဲ့ဖူးတဲ့ စတာလင်ကို အငှားနဲ့ခေါ်ယူခဲ့ပါတယ်။
စတာလင်ဟာ အာဆင်နယ်အသင်းမှာ မြင့်မားတဲ့လစာငွေအဖြစ် တစ်ပတ်ကို ပေါင် ၃၂၅၀၀၀ အထိရရှိသွားမှာဖြစ်ပြီး အသင်းရဲ့လစာငွေ အများဆုံးကစားသမား ဖြစ်လာပါတယ်။
ဒါပေမဲ့ စတာလင်ရဲ့လစာငွေထဲက ၅၀ % ကျော်ဖြစ်တဲ့ ပေါင် ၁၆၂၅၀၀ ကိုသာ အာဆင်နယ်အသင်းက ပေးချေရမှာဖြစ်ပြီး ကျန်တာတွေကိုတော့ ချယ်ဆီးအသင်းက ကျခံရမှာပါ။
စတာလင် ရောက်ရှိလာပြီးတဲ့နောက် အာဆင်နယ်အသင်းရဲ့ လစာငွေ အများဆုံးဖြစ်သူ တိုက်စစ်ကစားသမား ဟာဗတ်ဇ်ဟာ ဒုတိယနေရာ ကျဆင်းသွားပြီး ဟာဗတ်ဇ်က တစ်ပတ်ကို ပေါင် ၂၈၀၀၀၀ ရရှိနေပါတယ်။
တိုက်စစ်ကစားသမား ဂျေးဆုက ပေါင် ၂၆၅,၀၀၀၊ အသင်းခေါင်းဆောင် အိုဒီဂတ် နဲ့ ကွင်းလယ်လူ ဒီကလန်ရိုက်စ်တို့က ပေါင် ၂၄၀၀၀၀ ရရှိနေပြီး ပါတေးကလည်း ပေါင် ၂၀၀,၀၀၀ နဲ့ လစာငွေအများဆုံး ထိပ်ဆုံး ၆ ဦးထဲမှာ ပါဝင်နေပါတယ်။
နာမည်ကျော်တိုက်စစ်ကစားသမား ဆာကာကတော့ တစ်ပတ်ကို ပေါင် ၁၉၅,၀၀၀ နဲ့ အဆင့် ၇ နေရာရပ်တည်နေပြီး သူ့နောက်မှာ ဆာလီဘာ(ပေါင် ၁၉၀,၀၀၀)၊ မာတင်နယ်လီ(ပေါင် ၁၈၀,၀၀၀)နဲ့ ဘန်ဝှိုက်(ပေါင် ၁၅၀,၀၀၀)တို့ ရှိနေကြပါတယ်။
ကစားသမားသစ်နှစ်ဦးဖြစ်တဲ့ ကာလာဖီအိုရီ၊ မာရီနိုတို့ဟာ ပေါင် ၁၂၀,၀၀၀နဲ့ ပေါင် ၉၀,၀၀၀ ရရှိနေပြီး အံ့အားသင့်စရာကောင်းတာက ပွဲထွက်ဂိုးသမားဖြစ်သူ ဒေးဗစ်ရိုင်ယာဟာ တစ်ပတ်ကို ပေါင် ၈၅,၀၀၀ သာရနေတာကြောင့် နောက်ခံလူ ခီဗီယော(ပေါင် ၅၈,၀၀၀)၊ ဂိုးသမားသစ် နက်တို(ပေါင် ၅၀,၀၀၀)တို့နဲ့အတူ လစာငွေအနည်းဆုံးကစားသမားအဖြစ် ရပ်တည်နေပါတယ်။