လီဗာပူးအသင်း တိုက်စစ်မှူး မိုဟာမက်ဆာလာဟာ နှစ်ရာသီဆက် လီဗာပူးအသင်းမှာ ခြေစွမ်းပြပြီး အရေးပါတဲ့ ဂိုးတွေ သွင်းယူ ပေးနေတဲ့ နောက် ဥရောပ အင်အားကြီးကလပ်တွေ ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ဂျူဗင်တပ်စ်အသင်းတို့က ဆာလက်ကို ခေါ်ယူဖို့ အသီးသီး မျက်စိကျလာခဲ့ပါတယ်။

အင်္ဂလန် အခြေစိုက် သတင်းအချို့ အဆိုအရတော့ ဆာလက်ကို ရီးရဲလ် နဲ့ ဂျူဗင်တပ်စ်တို့က အမှန်တကယ် ကမ်းလှမ်းမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုကို (၂)နှစ်ဆက်တိုက် ရယူထားပြီး လီဗာပူးနဲ့ ချန်ပီယံလိဂ် ဗိုလ်စွဲထားတဲ့ ဆာလက်ရဲ့ ခြေစွမ်းက အသင်းကြီးတွေ မျက်စိကျချင်စရာ ဖြစ်နေတာလည်း အမှန်ပါ။

ရီးရဲလ်နဲ့ ဂျူဗင်တပ်စ်ဟာ ဆာလက်ကို ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၅၀ ပေးကာ ခေါ်ယူဖို့ စီစဉ်လာခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် အီဂျစ်သား တိုက်စစ်မှူးကတော့ ကမ်းလှမ်းမှုတွေကို ပယ်ချကာ လာမယ့်ဘောလုံးရာသီ လီဗာပူးအသင်းမှာသာ ဆက်နေဖို့ စိတ်ဆုံးဖြတ်တယ် တုန့်ပြန်ခဲ့ကြောင်း သတင်းတွေမှာ ဖော်ပြပါရှိလာပါတယ်။

လီဗာပူးရဲ့ အသက် ၂၇ နှစ်အရွယ် တိုက်စစ်မှူး ဆာလက်က ဒီနွေမှာ အသင်းပြောင်းမယ်ဆိုရင် အချိန်အခါကောင်း မဟုတ်သေးဘူး ယူဆနေပြီး လာမယ့် ဘောလုံးရာသီ အကုန် နောက်နှစ် နွေမှာတော့ အခြေအနေကို ပြန်လည် သုံးသပ်ပြီး ကမ်းလှမ်းမှုများ စဉ်းစားမယ်လို့ ကြံရွယ်ထားပါတယ်။

လီဗာပူးအသင်း မတိုင်ခင် ဘေဆယ်လ်၊ ချယ်လ်ဆီး၊ ဖီအိုရင်တီးနား၊ ရိုးမားတို့မှာပါ ကစားခဲ့ဖူးတဲ့ ဆာလက်က အန်းဖီးလ်ရောက်လာခဲ့ပြီးနောက် ခြေစွမ်း တောက်ပလာခဲ့ပြီး လီဗာပူး အတွက် နှစ်ရာသီ အတွင်းမှာပဲ ပြိုင်ပွဲစုံ သွင်းဂိုး (၁၀၀)အထိ သွင်းယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ဒါ့အပြင် ဆာလက်က ၂၀၁၉ ဘလွန်းဒီအောဆု အတွက်လည်း တစ်ပေးနေတဲ့ စာရင်းထဲ ပါဝင်နေပြီး အသင်းဖော် ဗန်ဒိုက်၊ ဘာစီလိုနာ မှ မက်ဆီတို့နဲ့ အတူ ဆုရဖို့ ရေပန်းစားနေပါတယ်။

ဆာလက်ဟာ အခု လက်ရှိအချိန်မှာတော့ အားလက်ရက် ခရီးထွက်ကာ အေးအေးလူလူ အနားယူနေခဲ့ပြီးနောက် ၂၀၁၉ အာဖရိကနိုင်ငံများ ဖလား ပြိုင်ပွဲဝင်မယ့် အီဂျစ် လက်ရွေးစင်အသင်းကိုလည်း ဦးဆောင်လာမှာ ဖြစ်ပါတယ်။