မန်ယူနဲ့ ရပ်ဖို့ကြား အပြီးမသတ်နိုင်ဖြစ်နေသေးတဲ့ စာချုပ်ဟာ မကြာခင်မှာ ပြန်လည်စတင်မှာဖြစ်ပြီး ကလပ်ဘက်က တစ်ပတ်လုပ်ခ ပေါင် ၃ သိန်းခွဲအထိ ပေးချေပြီး စာချုပ်သစ် ချုပ်လိုနေတယ်လို့ သိရပါတယ်။

လာလီဂါကလပ်တွေ ကြားဝင်ဖို့ စိတ်ဝင်စားနေကြမှုကို ရပ်တန့်နိုင်မယ့် အနေအထားအဖြစ် ရပ်ဖို့ကို လစာငွေ တိုးမြှင့်ပေးချေပြီး အသင်းမှာ ဆက်လက်ထိန်းသိမ်းထားဖို့ အားထုတ်နေတာပါ။ ရပ်ဖို့ရဲ့ လက်ရှိ စာချုပ်က ၂၀၂၀ မှာ ကုန်ဆုံးမှာဖြစ်ပြီး နောက်ထပ် ၁၂ လ သက်တမ်းတိုးဖို့ သဘောတူညီမှု ပါဝင်ပါတယ်။

ဘာစီလိုနာက ရပ်ဖို့ကို တိုက်စစ်ပိုင်းအတွက် ပေါင် သန်း ၁၀၀ ထိပေးကာ ခေါ်ယူလိုနေကြောင်း သတင်းတွေ ထွက်ပေါ်နေပြီး မန်ယူဘက်က ၂၀၂၅ ခုနှစ် ထိ သက်တမ်းရှိသွားနိုင်မယ့် ကနဦး ၅ နှစ်နဲ့ ၁၂ လ ထပ်တိုးခွင့် ပါဝင်တဲ့ စာချုပ် ပေးလိုနေတာ ဖြစ်ပါတယ်။

ဆိုးရှားက သူ့ရဲ့အနာဂတ် အစီအစဉ်တွေမှာ ရပ်ဖို့ကို အဓိကကစားသမားတစ်ဦးအဖြစ် အသုံးပြုမှာဖြစ်ပြီး လူကာကူကိုတောင် ရောင်းထုတ်ဖို့ စတင်ကြိုးစားနေပါပြီ။ ဒါဟာ အကယ်ဒမီထွက် တိုက်စစ်သမားလေးအတွက် မန်ယူဘက်က ပြသမယ့် ယုံကြည်မှုလည်းဖြစ်တယ်။

ရပ်ဖို့ကို ပေးတဲ့ လုပ်ခဟာ ကလပ်အသင်းမှာ တိုက်စစ်သမား ဆန်းချက်နောက် အမြင့်ဆုံး လုပ်ခလည်းဖြစ်ပြီး စီနီယာဂိုးသမား ဒီဂီယာအတွက် ကမ်းလှမ်းတဲ့ စာချုပ်သစ်နဲ့ တူညီတဲ့ လုပ်ခလည်းဖြစ်နိုင်တယ်လို့ သိထားရပါတယ်။