မန်ယူဂိုးသမား ဒီဂီယာကတော့ အေးအေးဆေးဆေး အနားယူနေတဲ့အကြောင်း ကမ်းစပ်မှာ ရိုက်ထားတဲ့ပုံကို Enjoy life ဆိုပြီး အင်စတာဂရမ်ကနေ ဖော်ပြသွားပါတယ်။

မန်ယူဟာ ဒီအပတ်အတွင်းမှာပဲ ဝမ်ဘစ်ဆာကာရဲ့ ပြောင်းရွှေ့ကြေးကို ညိနှိုင်းမှာဖြစ်ပြီး ကစားသမားဘက်ကလည်း ပြောင်းလိုနေတာကြောင့် ပေါင် သန်း ၅၀ နဲ့အတူ ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီဖြစ်ပါတယ်။

မန်ယူဟာ မိုနာကိုကွင်းလယ်လူ တိုင်လီမန်းကို ကြိုတင်ချိတ်ဆက်မှု ပြုလုပ်ထားပြီး ဝမ်ဘစ်ဆာကာ အပြောင်းအရွှေ့ အပြီးမှာ ဆက်လက် လှုပ်ရှားဖို့ ပြင်ဆင်ထားပြီဖြစ်ပါတယ်။

မန်ယူအသင်း လူငယ်ကစားသမား ဂိုးမက်စ်က အနာဂတ်မှာ ဘာဖြစ်လာမယ်ဆိုတာ ကြိုမမြင်နိုင်တာကြောင့် ကြိုးစားမှုနဲ့အတူ ယုံကြည်နေဖို့ပဲရှိတယ်လို့ တွစ်တာကနေ ပြောဆိုသွားပါတယ်။

မန်ယူလူငယ်ဂိုးသမား ဟန်ဒါဆန်က ငယ်ငယ်ကတည်းက အိုထရတ်ဖိုဒ့်မှာ ပွဲထွက်ပေးရဖို့ဆိုတဲ့ အိမ်မက်တွေနဲ့ကြီးပြင်းခဲ့ရတဲ့ ကောင်လေးတစ်ယောက်ရဲ့ အနာဂတ်အတွက်တော့ ပရီးမီးယားလိဂ်ပြိုင်ပွဲဟာ ကြီးကျယ်ခမ်းနားတဲ့ နေရာတစ်ခုလို့ ညွှန်းဆိုပါတယ်။

စပို့တင်းကစားသမား ဖာနန်ဒက်က ပေါ်တူဂီကလပ်ကနေ ထွက်ခွာဖို့ မစဉ်းစားထားကြောင်းနဲ့ စပို့တင်းဘက်က ရောင်းထုတ်မှပဲ ပြောင်းရွှေ့မှာဖြစ်ကာ ပရီမီးယားလိဂ်ကိုပဲ ပြောင်းဖြစ်မယ်လို့ ဆိုပါတယ်။

မန်ယူအသင်း ပိုင်ရှင်ဖြစ်တဲ့ ဂလေဇာ မိသားစုဟာ အသင်းကို တာဝန်ယူပြီးနောက်မှာ ရင်းနှီးမြုပ်နှံမှုထက် သူတို့ ကိုယ်ကျိုးအတွက် သုံးစွဲမှုက ပိုများတယ်ဆိုတဲ့ စစ်တမ်း ထွက်ရှိလာပါတယ်။

ဝုဒ်ဝတ်ကတော့ အသင်းကနေ ထွက်ခွာလိုနေတဲ့ ပေါ့ဘာကို လာမယ့်ရာသီမှာ မန်ချက်စတာ ယူနိုက်တက် ကစားသမားအဖြစ် ဆက်ကစားရမှာဖြစ်တယ်လို့ သတိပေးလိုက်ပြီး ရာသီကြိုပြင်ဆင်မှုအမှီ အသင်းနဲ့ လာရောက် ပူးပေါင်းဖို့ သတိပေးလိုက်ပါတယ်။

ပေါ့ဘာနဲ့တကွ အဓိက ကစားသမားတွေ ထွက်ခွာမယ့်အရေးကို ရင်ဆိုင်နေရလို့ မန်ယူဟာ ကစားသမားတွေကို ဆက်ထိန်းဖို့ရာ ဈေးကွက်ထဲကနေ လူသစ်ခေါ်ယူမှုတွေ အရှိန်မြင့် လုပ်ဆောင်တော့မယ်လို့ သိရပါတယ်။

မန်ယူအသင်းဟာ ဒီနွေကာလမှာ ယှဉ်ပြိုင်ဖို့ရှိနေတဲ့ ယူရို ယူ-၂၁ နှစ်အောက်ပြိုင်ပွဲမှ လူငယ်ကစားသမားတွေကို ကင်းထောက်လွတ်ပြီး စောင့်ကြည့်မှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။