အာဆင်နယ်နည်းပြ အာတီတာက တနင်္ဂနွေနေ့ မြောက်လန်ဒန်ဒါဘီပွဲမတိုင်မီ အဓိကကစားသမားများအား ဆုံးရှုံးရမှုကြောင့် အိပ်ရေးပျက်ခဲ့ပေမဲ့လည်း လိုအပ်တဲ့ နိုင်ပွဲ ရယူနိုင်ခဲ့မှုအတွက် အာဆင်နယ်ကစားသမားများကို ချီးကျူးလာပါတယ်။
အာဆင်နယ်ဟာ မြောက်လန်ဒန်ဒါဘီပွဲအား ကွင်းလယ်ကစားသမားဒီကလန်ရိုက် ပွဲပယ်ခံထားရမှုကြောင့် အသုံးပြုနိုင်ခဲ့ခြင်း မရှိသလို အသင်းခေါင်းဆောင်မာတင်အိုဒီဂတ်နှင့် ရီကာဒို ကာလာဖီအိုရီတို့ကိုလည်း နိုင်ငံတကာပွဲစဉ်များအတွင် ဒဏ်ရာရရှိကာ ဆုံးရှုံးထားရပါတယ်။
ဒါပေမဲ့ အာဆင်နယ်ဟာ ဒုတိယပိုင်းတွင် ထောင့်ကန်ဘောမှ တဆင့် ဂါဘရီရယ်ရဲ့ တစ်လုံးတည်းသော ခေါင်းတိုက်ဂိုးဖြင့် စပါးစ်ကို ၁-၀ ဂိုးဖြင့် အနိုင်ရခဲ့ပါတယ်။ ယင်းနိုင်ပွဲကြောင့် အာဆင်နယ်ဟာ ထိပ်ဆုံးမှ မန်စီးတီးနောက်သို့ ထပ်ကြပ်မကွာ လိုက်နိုင်ခဲ့ပါတယ်။
အာတီတာက “ကစားသမားတချို့ကို ဆုံးရှုံးထားတော့ အံဝင်ဖို့ အနည်းငယ်လုပ်ခဲ့ရတယ်။ စပါး ပွဲအတွက် ငါးရက် ပြင်ဆင်ခဲ့တယ်။ နောက်တော့ ကစားသမားတစ်ဦး ဆုံးရှုံးတယ်။ နောက်တစ်ဦး ဆုံးရှုံးပြန်တယ်။ များများစားစား မအိပ်ခဲ့ရဘူး။
အပြစ်ဖို့တာ မရှိဘူး။ ငိုကြွေးနေတာ မရှိဘူး။ ကစားသမားတွေ က အေးဆေးပဲ။ သူတို့က ပွဲကို ချစ်တယ်။ တခါတလေ ပွဲကို အကျည်းတန်တန်နဲ့ အနိုင်ရအောင် လုပ်ရတယ်။ သူတို့လည်း ဒီလို လုပ်ရတာ သဘောကျတယ်။ ကျွန်တော်လည်း သဘောကျတာပဲ။
ကစားသမားတွေဟာ တစ်ရက်ပြီးတစ်ရက် ဆာလောင်နေကြပါတယ်”လို့ ပြောကြားသွားပါတယ်။
အာဆင်နယ်ဟာ စပါးနဲ့ပွဲမှာလည်း အလွတ်တည်ကန်ဘောမှ တဆင့် ဆက်လက် ဂိုးရယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
အာဆင်နယ်ဟာ ပြီးခဲ့တဲ့ ရာသီမှ စတင်ကာ အလွတ်တည်ကန်ဘောမှ ဂိုးရရှိမှု ၂၄ ဂိုးအထိ ရှိကာ ပရီးမီးယားလိဂ်တွင် အလွတ်တည်ကန်ဘောမှ ဂိုးအများဆုံးရယူထားနိုင်တဲ့အသင်းအဖြစ်ရပ်တည်နေပါတယ်။