ကိုင် ဟာဗတ်ဇ်က သူနဲ့ အာဆင်နယ် အသင်းဖော်တွေဟာ ဒီနွေရာသီမှာ ရာဟင်း စတားလင်းက ချဲလ်ဆီးကနေ အာဆင်နယ်ကို ပြောင်းရွှေ့လာတာကို အလွန်ပျော်ရွှင်ခဲ့ကြပြီး အင်္ဂလန်တောင်ပံကစားသမားဟာ မယုံနိုင်စရာကောင်းတဲ့ခေါ်ယူမှုလို့ ယုံကြည်နေကြောင်း ဖွင့်ဟလာပါတယ်။

စတားလင်းဟာ အပြောင်းအရွှေ့ဈေးကွက် နောက်ဆုံးနေ့မှာ အာဆင်နယ်ကို တစ်ရာသီ အငှားစာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အသက် ၂၉ နှစ်အရွယ် တောင်ပံကစားသမားဟာ လီဗာပူးလ်၊မန်စီးတီးတို့နဲ့အတူ ပရီးမီးယားလိဂ်ဖလား ၄ ကြိမ်အထိ ရရှိခဲ့တဲ့ကစားသမားဖြစ်ပါတယ်။

ဒါပေမယ့်လည်း စတားလင်းဟာ ချဲလ်ဆီးနည်းပြသစ် အန်ဇို မာရက်စ်ကာရဲ့ ပစ်ပစ်ခါခါ ဖယ်ထုတ်ခြင်းကို ခံခဲ့ရတာဖြစ်ပြီး ပထမအသင်းလေ့ကျင့်ရေးမှာ ပါဝင်ခွင့်မပေးဘဲ အသင်းကနေ ထွက်ခွာဖို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

စတားလင်းက လက်ရှိမှာတော့ ချဲလ်ဆီးရဲ့ လန်ဒန်ပြိုင်ဘက်ဖြစ်တဲ့ အာဆင်နယ်အသင်းရဲ့ ပရီးမီးယားလိဂ်ဖလား ရယူသွားဖို့ ကြိုးပမ်းမှုကို အကူအညီပေးသွားနိုင်ဖို့ မျှော်လင့်နေမှာဖြစ်ပြီး ဟာဗတ်ဇ်နဲ့ အင်္ဂလန်တောင်ပံကစားသမားက စတမ်းဖို့ဒ်ဘရစ်ချ်မှာ တစ်ရာသီ အတူတူ ကစားခဲ့ကြဖူးသူတွေဖြစ်ပါတယ်။

ဂျာမန်ကြယ်ပွင့်က အာဆင်နယ်ဟာ သူ့ရဲ့ ချဲလ်ဆီးအသင်းဖော်ဟောင်းကို စတမ်းဖို့ဒ် ဘရစ်ချ်ကနေ ခေါ်ယူနိုင်ခဲ့တာက မယုံနိုင်စရာကောင်းတဲ့ ခေါ်ယူမှု ပြုလုပ်ခဲ့တာဖြစ်တယ်လို့ ယုံကြည်နေပါတယ်။

“အဲဒါက မယုံနိုင်စရာပါပဲ။ ကျွန်တော် သူနဲ့ ချဲလ်ဆီးမှာ ကစားခဲ့ရတာ ပျော်ရွှင်ခဲ့ရပါတယ်။ သူက မယုံနိုင်စရာကောင်းတဲ့ကစားသမားပါ။ ခင်ဗျား သူ့ရဲ့ ပရီးမီးယားလိဂ်က ကိန်းဂဏန်းတွေကို ကြည့်လိုက်ရင် အရမ်း ထူးချွန်တဲ့သူဆိုတာကို သိမှာပါ။

သူ အသင်းကို အရည်အသွေးတွေ ဘယ်လောက်အများကြီး ယူဆောင်လာပေးနိုင်မလဲဆိုတာ မြင်ရမှာပါ။ ကျွန်တော်တို့ကတော့ သူ့ကို ခေါ်နိုင်ခဲ့တာ အရမ်းကို ပျော်ရွှင်ခဲ့ကြပါတယ်”လို့ ပြောဆိုခဲ့ပါတယ်။

ရာဟင်း စတားလင်းဟာ တနင်္ဂနွေနေ့ညနေက မြောက်လန်ဒန်ဒါဘီပွဲစဉ်မှာ နောက်ကျ လူစားဝင်ကစားသမားအဖြစ်နဲ့ အာဆင်နယ်ကစားသမားဘဝ ပွဲဦးထွက် ပါဝင်ကစားခွင့်ရရှိခဲ့ပါတယ်။