အာဆင်နယ်အသင်းဟာ လက်ရှိ အပြောင်းအရွှေ့အတွက် ရရှိထားတဲ့ အသုံးစရိတ် နည်းပါးလွန်းတာကြောင့် အဓိက ပစ်မှတ် ကစားသမား နှစ်ဦးကို လက်လွှတ်ရမယ့်အရေး ရင်ဆိုင်နေရပါတယ်။

အာဆင်နယ်ဟာ တရုတ်စူပါလိဂ်ကလပ် ဒါလီယန်ယီဖန်းအသင်းက ကွင်းလယ်တိုက်စစ်ကစားသမား ကာရက်စ်ကိုကို ခေါ်ယူနိုင်ဖို့ နီးစပ်ခဲ့ပြီးမှ လက်လျှော့ခဲ့ရပြီ ဖြစ်ပါတယ်။

အပြောင်းအရွှေ့ အသုံးစရိတ် ပေါင် (၄၅)သန်းသာ ရရှိထားတဲ့ အာဆင်နယ်ဟာ ကာရက်စ်ကိုအတွက် ပေါင်သန်း (၃၀)အထိ သုံးစွဲလိုက်ရင် ပေါင် (၁၅)သန်းသာ ကျန်ရှိတော့မှာ ဖြစ်ပါတယ်။

ဒါဆိုရင် အသင်းကိုပြန်လည်အင်အားဖြည့်တင်းဖို့ ငွေကြေးလက်ကျန်နည်းပါးသွားမှာ ဖြစ်တာကြောင့် အသက် (၂၅)နှစ်အရွယ် ဘယ်လ်ဂျီယံ လက်ရွေးစင်ကို ခေါ်ယူချင်ပေမယ့်လည်း လက်လွှတ်လိုက်ရတာဖြစ်ပါတယ်။

ဒါ့အပြင် မန်ယူနဲ့ အပြိုင် ကြိုးပမ်းနေရတဲ့ ပီအက်စ်ဂျီ ခံစစ်မှူး သောမတ်စ် မူနီယာကလည်း ပြောင်းရွှေ့ကြေး ပေါင် ၂၇ သန်းနှင့် အပို ဘောနပ်စ်ဆုကြေးတွေပါ တောင်းဆိုထားခဲ့လို့ အာဆင်နယ် အခက်တွေ့နေပါတယ်။

မူနီယာကို မန်ယူအသင်းက အရင် ပေါင် ၂၂ သန်းနဲ့ ကမ်းလှမ်းဖို့ ဆွေးနွေးထားပေမယ့် ပီအက်စ်ဂျီဘက်ကတော့ ပေါင် ၂၇ သန်း ထိ အလိုရှိဆဲပါ။ ပီအက်စ်ဂျီ ခံစစ်မှူး သောမတ်စ် မူနီယာက ပြီးခဲ့တဲ့ ဘောလုံရာသီမှာ လီဂူး ၀မ်း ပွဲပေါင်း ၃၁ ပွဲထိကစားပေးခဲ့ကာ သွင်းဂိုး ၅ ဂိုး သွင်းပြီး ဂိုး ထောက်ပံ့မှု ၇ ကြိမ် ပြုလုပ်ထားပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။

အာဆင်နယ်နည်းပြ အူနိုင်း အမ်မရီကတော့ မူစတာဖီ၊ အိုဇေးလ်တို့ကို ပြန်လည် ရောင်းချပြီး အပြောင်းအရွှေ့စရိတ်ရှာဖွေဖို့ ကြိုးစားနေပေမယ့် ၄င်းတို့ အတွက် ကမ်းလှမ်းမှုကလည်း မရရှိသေးတာကြောင့် ကစားသမား ၀ယ်ယူဖို့ စိတ်ကြိုက် ထုတ်သုံးနိုင်တဲ့ အနေအထား မရှိသေးပါဘူး။

အာဆင်နယ် အသင်းဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်မှာ အဆင့်(၅)နေရာသာ ရရှိခဲ့ပြီး ယူရိုပါလိဂ် ဗိုလ်လုပွဲ မှာလည်း ချယ်ဆီးကို အရေးနိမ့်ခဲ့လို့ ဒုတိယနေရာနဲ့ ကျေနပ်ခဲ့ရပြီး ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ခဲ့ရပါတယ်။ ချန်ပီယံလိဂ် ပွဲမကစားရခြင်းနဲ့ အသုံးစရိတ် အလွန် နည်းပါးနေခြင်းက လက်ရှိ အပြောင်းအရွှေ့မှာ အာဆင်နယ် ကစားသမားသစ် ခေါ်ယူဖို့ ရုန်းကန်နေရခြင်း အဓိက အကြောင်းချက်တွေ ဖြစ်နေပါတယ်။