အာဆင်နယ် တောင်ပံကစားသမား ဘူကာယိုဆာကာဟာ တနင်္ဂနွေနေ့တုန်းက စပါးစ်ကို ၁-၀ ဂိုးဖြင့် အနိုင်ရတဲ့ မြောက်လန်ဒန်ဒါဘီပွဲစဉ်ရဲ့ နောက်ပိုင်းမှာ အသေးစားဒဏ်ရာရရှိကာ လူစားလဲလှယ်ခဲ့ရသူ ဖြစ်ပါတယ်။
ဒါပေမယ့် ဆာကာဟာ အာဆင်နယ်ရဲ့ ချန်ပီယံလိဂ်အဖွင့်ပွဲဖြစ်တဲ့ အတ္တလန္တာနှင့်ပွဲစဉ်မှာ ပါဝင်လာမယ်လို့ နည်းပြ အာတီတာက အသိပေးခဲ့ပါတယ်။
အာတီတာက “ဆာကာက ဒီနေ့ (ဗုဒ္ဓဟူး)လေ့ကျင့်ခန်းဆင်းနိုင်တယ်။ လေ့ကျင့်ခန်းအလုံးနီးပါး လုပ်နိုင်ခဲ့တယ်။ သူ ပါဝင်လာပါမယ်”လို့ ပြောကြားသွားပါတယ်။
အာဆင်နယ်အသင်းခေါင်းဆောင် အိုဒီဂတ် ကတော့ ခြေကျင်းဝတ်ဒဏ်ရာပြင်းထန်တာကြောင့် ရက်သတ္တပတ်အတန်ကြာ အနားယူဖို့ ရှိနေပါတယ်။
ာတီတာက “စကင်စစ်ဆေးမှုအရ ခြေကျင်းဝတ်အရွတ် ပတ်လည်မှာ တချို့ ထိသွားတာ တွေ့ရတယ်။ ဒီတော့ သူ့ကို ကျွန်တော်တို့ ဆုံးရှုံးရပါမယ်။ ဒဏ်ရာက နည်းနည်းပြင်းထန်တော့ ကာလတခုအထိ ဆုံးရှုံးရမယ်။
လပေါင်းများစွာ မဆုံးရှုံးဖို့တော့ မျှော်လင့်နေပါတယ်”လို့ ကြာသပတေးနေ့ အတ္တလန္တာနှင့် ချန်ပီယံလိဂ်ပွဲစဉ်မတိုင်မီ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသွားပါတယ်။
ဒါပေမဲ့ အီတလီနောက်ခံလူရီကာဒိုကာလာဖီအိုရီမှာ အသင်းနှင့်အတူ ပြန်လည်လေ့ကျင့်ခန်းဆင်းနိုင်ပြီ ဖြစ်လို့ အတ္တလန္တာနှင့်ပွဲမှာ ပါဝင်လာပါမယ်။
အာဆင်နယ်ဟာ အတ္တလန္တာနှင့်ပွဲအပြီး တနင်္ဂနွေနေ့မှာ အီတီဟတ်သို့ သွားရောက်ကာ မန်စီးတီးနှင့် ရင်ဆိုင်ရပါဦးမယ်။
မန်စီးတီးမှာ မနေ့ညတုန်းက အင်တာမီလန်နှင့် ရင်ဆိုင်ကစားရပါတယ်။ ဒါကြောင့်လည်း မန်စီးတီးမှာ အာဆင်နယ်ထက် တစ်ရက်ပိုနားရတဲ့အပြင် ပြင်ဆင်ချိန်လည်း တစ်ရက်ပိုမို ရရှိထားပါတယ်။
အာတီတာက ယင်းအချက်က မန်စီးတီးတို့အတွက် နှာတစ်ဖျားအသာရစေမှု မဖြစ်လာစေဖို့ မျှော်လင့်ကြောင်း ဆိုသွားပါတယ်။