အာဆင်နယ် အသင်းရဲ့ ဒီရာသီ ချန်ပီယံလိဂ်အဖွင့်ပွဲက ဂိုးသမား ဒေးဗစ် ရာယာရဲ့ မယုံနိုင်လောက်တဲ့ လက်စွမ်းပြ ကာကွယ်မှု ၂ ကြိမ်ကြောင့်သာမဟုတ်ရင် အတ္တလန်တာကွင်းကနေ အမှတ်ဗလာနဲ့အိမ်ပြန်ရမှာပါ။
အဝေးကွင်းကန်ရတဲ့ ဒီပွဲမှာ အာဆင်နယ်ဘက်က ဒီကလန်ရိုက်စ် ပြန်ပါလာပေမဲ့ အသင်းခေါင်းဆောင် အိုဒီဂတ် ဒဏ်ရာကြောင့် မပါဝင်နိုင်တာက အာဆင်နယ်အတွက် ကြီးမားတဲ့ထိုးနှက်ချက်ဖြစ်စေပြီး ကွင်းလယ်နဲ့တိုက်စစ်ကို ချိတ်ဆက်ပေးနိုင်မှု အပိုင်းမှာ သိသိသာသာ အားနည်းခဲ့ပါတယ်။
ပြီးခဲ့တဲ့ရာသီက ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ လေဗာကူဆင်ရဲ့ရှုံးပွဲမရှိစံချိန်ကို ရပ်တန့်ပြီး အသင်းသမိုင်းတစ်လျှောက် ပထမဆုံး ဥရောပ အောင်မြင်မှုအဖြစ် ယူရိုပါလိဂ်ဖလားရယူနိုင်ခဲ့တဲ့ ဝါရင့်နည်းပြကြီးဂတ်စ်ပါရီနီရဲ့ အတ္တလန်တာအသင်းဟာ အိမ်ကွင်းခြေစွမ်းမာကျောသလို အသင်းလိုက် စုစည်းမှုကောင်းမွန်ပါတယ်။
အာတီတာက ၄-၁-၄-၁၊ ၄-၄-၂ ကစားကွက်တွေကို အလျဉ်းသင့်သလို သုံးခဲ့ပေမဲ့ အတ္တလန်တာရဲ့ ကွင်းလယ်စုဖွဲ့မှုကို မကျော်ဖြတ်နိုင်ဘဲ တစ်ပွဲလုံး ဂိုးပေါက်ကန်ချက် ၆ ကြိမ်သာရှိခဲ့တာကြောင့် ၂၀၁၄ စက်တင်ဘာလတုန်းက ဒေ့ါမွန်နဲ့ပွဲ(၅ ကြိမ်)နောက်ပိုင်း ချန်ပီယံလိဂ်အဝေးကွင်းပွဲစဉ်တစ်ပွဲမှာ အဆိုးရွားဆုံးမှတ်တမ်းဖြစ်ခဲ့ပါတယ်။
၅၁ မိနစ်မှာ ပါတေးက အတ္တလန်တာကွင်းလယ်လူ အီဒါဆင်ကို ပယ်နယ်တီဧရိယာအတွင်း ပြစ်ဒဏ်ကျူးလွန်ခဲ့လို့ အတ္တလန်တာအသင်း ပယ်နယ်တီကန်ခွင့်ရခဲ့ပါတယ်။
အဲဒီ ပင်နယ်တီကို တိုက်စစ်ကစားသမား ရီတယ်ဂီရဲ့ကန်ခဲ့ပြီး အာဆင်နယ် ဂိုးသမား ဒေးဗစ် ရာယာ လက်စွမ်းပြကာကွယ်ခဲ့တဲ့အပြင် ပြန်ထွက်လာတဲ့ဘောလုံးကို ရီတယ်ဂီ ခေါင်းတိုက်ပိတ်သွင်းတာကိုလည်း ဒေးဗစ် ရာယာဟာ အံ့အားသင့်စရာကောင်း ပုတ်ထုတ်နိုင်ခဲ့ပါတယ်။
အက်စတွန်ဗီလာနဲ့ပွဲတုန်းက အိုလီဝက်ကင်စ်ရဲ့ အပိုင်ပိတ်သွင်းမှုကို ကာကွယ်ခဲ့သူ ဒေးဗစ်ရာယာဟာ အခုပွဲမှာလည်း အံ့ဖွယ် ဂိုးကာကွယ်မှု ၂ ကြိမ်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ဒေးဗစ် ရာယာဟာ ပယ်နယ်တီအဆုံးအဖြတ်အပါအဝင် သူ ရင်ဆိုင်ခဲ့ရတဲ့ ပယ်နယ်တီနောက်ဆုံး ၈ ကြိမ်မှာ ၄ ကြိမ်အထိ ကာကွယ်နိုင်ခဲ့ပြီး ရစ်ချတ်ရိုက်၊ လေးမန်း၊ ဖေဘီယန်းစကီး(၂ ကြိမ်စီ)တို့ပြီးရင် ချန်ပီယံလိဂ်မှာ ပယ်နယ်တီကာကွယ်ခဲ့တဲ့ စတုတ္ထမြောက် အာဆင်နယ်ဂိုးသမားဖြစ်ခဲ့ပါတယ်။
အခုပွဲမှာ ဂိုးမရှိသရေကျခဲ့လို့ အာဆင်နယ်အသင်းဟာ အီတလီကလပ်တွေနဲ့ ဆုံတွေ့ခဲ့တဲ့ ချန်ပီယံလိဂ်အဝေးကွင်း ၄ ပွဲဆက်တိုက် ဂိုးမသွင်းနိုင်ခဲ့ပါဘူး။
ဒါ့အပြင် ချန်ပီယံလိဂ်အဝေးကွင်းနောက်ဆုံး ၃ ပွဲဆက် အာဆင်နယ်တို့ ဂိုးပေါက်ပျောက်ခဲ့တာကြောင့် ၂၀၀၇ ဖေဖော်ဝါရီလနောက်ပိုင်း အဆိုးရွားဆုံးစွမ်းဆောင်ရည်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။