မန်စီးတီး အသင်းဟာ ဒီအပတ် အီတီဟက်ကွင်းမှာ အာဆင်နယ်ကို ဧည့်ခံ ကစားဖို့ ရှိနေပါတယ်။ ဒီနှစ်သင်းဟာ မနက်ဖြန် တနင်္ဂနွေနေ့ ည ၁ဝ နာရီ မှာ ယှဉ်ပြိုင်ကစားကြမှာပါ။

ဘီဘီစီ သတင်းဌာန မှ ပင်တိုင် သုံးသပ်သူ ခရစ်ဆက်တန် က မန်စီးတီးနဲ့ အာဆင်နယ် တို့ ပွဲစဉ် အတွက် အခုလို သုံးသပ် ခန့်မှန်းလာပါတယ်။

ခရစ်ဆက်တန်ရဲ့ပွဲကြို သုံးသပ်ချက်

မနှစ်ကရာသီ မန်စီးတီးကို သရေကစားခဲ့တဲ့ နည်းလမ်းအတွက် အာဆင်နယ်တို့ ချီးကျူးခံရပေမယ့် အမှတ်ပေးဖလားကို ၂ မှတ်တည်းနဲ့ ကပ်ရှုံးခဲ့တယ်။ ဝေဖန်မှုတွေ ပြင်းထန်ပေမယ့် ဒါက အမှတ်ပေးဇယား ပထမနဲ့ ဒုတိယနေရာ ရာသီသိမ်းခဲ့တဲ့ နှစ်သင်းဖြစ်ပါတယ်။

အင်တာမီလန်က မန်စီးတီးရဲ့ ဖိအားပေးမှုကို ခပ်လွယ်လွယ် ဖောက်ထွက်ပြခဲ့တယ်။ အာဆင်နယ်လည်း အဲ့လို လုပ်နိုင်ဖို့ မျှော်လင့်ပါတယ်။ အာဆင်နယ်ရဲ့ ခံစစ်က သိပ်တောင့်ပါတယ်။ သူတို့ ခံစစ်ကို အကောင်းဆုံး ကစားနိုင်ရင် အင်တာလိုပဲ ကောင်တာတွေက တစ်ဆင့် တုန့်ပြန် ဒုက္ခပေးလို့ ရပါတယ်။

ချန်ပီယံလိဂ်ပွဲမှာ မန်စီးတီးက သူတို့ရဲ့ ကောင်းဆုံး ခြေစွမ်းမှာ ရှိမနေဘဲ ဟာလန်းကော ဒီဘရိုင်းကော မလုပ်ပြနိုင်ခဲ့ပါဘူး။ ဒီဘရိုင်းက အာဆင်နယ်ပွဲမှာ ပါဝင်ကစားနိုင်ဖို့ မသေချာပါဘူး။

မန်စီးတီးတို့ ၂ ပွဲဆက်တိုက် ဂိုးမသွင်းနိုင်တာမျိုး မမြင်ရတာလည်း နှစ်ရှည် ကြာနေပါပြီ။ ကျနော်ကတော့ ဒီပွဲမှာ သူတို့ တုန့်ပြန်ပြမယ်လို့ မျှော်လင့်ထားပါတယ်။

ခရစ်ဆက်တန် ခန့်မှန်းရလဒ်

မန်ချက်စတာ စီးတီး ၂-၁ အာဆင်နယ်။