အာဆင်နယ် အသင်းဟာ မနေ့ညက အီတီဟက်မှာ မန်စီးတီးကို သွားရောက် ရင်ဆိုင်ရာ ၂-၂ နဲ့ သရေကျသွားခဲ့ပါတယ်။
ဒါပေမဲ့ အာဆင်နယ်နည်းပြ မီခေးလ်အာတီတာကတော့ ဒုတိယပိုင်း တစ်ပိုင်းလုံးနီးပါး ၁၀ ယောက်တည်းဖြင့် ကစားကာ အနိုင်ရလုနီးပါး အခြေအနေကြုံခဲ့တဲ့ သူ့အသင်းကို ချီးကျူးသွားပါတယ်။
အာဆင်နယ်ဟာ တစ်ယောက်အလျှော့ဖြင့် ကစားခဲ့ရပေမဲ့ မန်စီးတီးကို ၂-၁ ဖြင့် ဦးဆောင်နိုင်ခဲ့ကာ ဂျွန်စတုန်းရဲ့ ၉၈ မိနစ်က ချေပဂိုးကြောင့် ၂ ဂိုးစီ သရေကျခဲ့တာပါ။
အာဆင်နယ်တောင်ပံကစားသမား လီယန်ဒရိုထရိုဆတ်ဟာ ဆေးလ်ဗားရဲ့ နောက်ကျောကို တွန်းထိုးပြီးနောက် ဘောလုံးကို အဝေးသို့ ကန်ခဲ့မှုကြောင့် အနီကတ်ပြထုတ်ပယ်ခြင်းခံခဲ့ရတာလည်း ဖြစ်ပါတယ်။
အာဆင်နယ်ဟာ မကြာသေးမီတုန်းက ဘောလုံးကို ကန်ထုတ်မှုကြောင့် ဒီကလန်ရိုက်စ် အထုတ်ခံရကာ တစ်ပွဲပယ်ခံရပြီးနောက် ယခုကဲ့သို့ ထရိုဆတ် ဖြစ်ရပ် ကြုံလာတာလည်း ဖြစ်ပါတယ်။
ထရိုဆတ် ထွက်သွားပြီးနောက် ၁ဝ ယောက်တည်းနဲ့ ကစားရတဲ့ အာဆင်နယ် အသင်း ဟာ ဒုတိယပိုင်းမှာ ဘောလုံးပိုင်ဆိုင်မှု ၁၂.၅ ရာခိုင်နှုန်းတည်းသာ ရှိခဲ့ပါတယ်။
နည်းပြ အာတီတာက “အီတီဟတ်မှာ ၁၀ ယောက်တည်းနဲ့ ၅၆ မိနစ်ကစားနိုင်ခဲ့တာ တကယ့်ကို အံဘနန်းဖြစ်ရပ်ပဲ။ ကျွန်တော်တို့ရဲ့ လုပ်ဆောင်နိုင်ခဲ့မှုက မယုံကြည်နိုင်စရာပါ”လို့ ဆိုသွားပါတယ်။
ထရိုဆတ်သာ အထုတ်မခံရရင် အနိုင်ရနိုင်သလားလို့ မေးမြန်းချိန်မှာတော့ အာတီတာက –
“အတိအကျတော့ မပြောနိုင်ဘူး။ နိုင်အောင်တော့ ကြိုးစားမှာပါ။ ဒါပေမဲ့ လူ ၁၀၀ မှ ၉၉ ယောက်က ဒီအသင်းကို ၁၀ ယောက်တည်းနဲ့ ၅၆ မိနစ် ကစားရင် ရှုံးနမှာပဲလို့ ပြောကြမှာပါ။ ဂိုးတွေအများကြီးပေးရမယ်လို့ ပြောကြမှာ သေချာတယ်”လို့ ပြောကြားသွားပါတယ်။
မန်စီးတီးဟာ ဒုတိယပိုင်းတစ်ပိုင်းတည်းတွင်ပင် ကန်ချက် ၂၈ ကြိမ် ပြုလုပ်ခဲ့ပြီး ၂၀၁၂ ခုနှစ် ချန်ပီယံဆုအဆုံးအဖြတ်ပွဲဖြစ်တဲ့ ကျူပီအာနှင့် ရာသီသိမ်းပွဲတုန်းက မှတ်တမ်းကို လိုက်မှီခဲ့ပါတယ်။
အာဆင်နယ်ဟာ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလတုန်းက ဘရန့်ဖို့ဒ်နောက်ပိုင်းတွင် အီတီဟတ်တွင် နိုင်ပွဲရယူနိုင်တဲ့ ဒုတိယမြောက်အသင်းအဖြစ် မှတ်တိုင်စိုက်ထူပြီး ဇယားထိပ်သို့ တက်လှမ်းရန် အခွင့်အရေးရခဲ့တာလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ ဂျွန်စတုန်းရဲ့ နောက်ကျဂိုးကြောင့် တစ်မှတ်တည်းဖြင့် ကျေနပ်ခဲ့ရပါတယ်။