အာဆင်နယ် နောက်ခံလူ ဂါဘရီလ် မာဂါဟေးစ်က မန်စီးတီးနဲ့ အာဆင်နယ်တို့ အီတီဟက် က သရေပွဲ ပြီးတဲ့နောက် သူတို့ရဲ့အိမ်ကွင်း Emirates မှာ မန်စီးတီးကို စောင့်နေမယ်လို့ သတိပေး ပြောဆိုလိုက်ပါတယ်။
ဒီရာသီထဲ ပထမဆုံးအကြိမ် တွေ့ဆုံမှုအဖြစ် မန်စီးတီးနဲ့ အာဆင်နယ်တို့ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ရာ ပွဲပြီးခါနီး မိနစ်ပိုင်းလေးမှာပဲ ဂျွန် စတုန်းစ်က ချေပဂိုးကို သွင်းယူလိုက်တာကြောင့် ဂန်းနားတို့ နိုင်ပွဲနဲ့ လွဲချော်ခဲ့ရပါတယ်။
တကယ်တော့ အာဆင်နယ်က Etihad ကွင်းမှာ အိမ်ရှင် မန်စီးတီးကို အနိုင်မရသေးတာ နှစ်အတန်ကြာခဲ့ပြီဖြစ်ပြီး ဒီအစဉ်အလာဆိုးကြီးကိုလည်း ချိုးဖျက်နိုင်မယ့် အခွင့်အရေးတစ်ခု ပိုင်ဆိုင်ခဲ့ပြီးခါမှ ပွဲပြီးခါနီး ချေပဂိုးကြောင့်သာ လက်လွှတ်ခဲ့ရတာ ဖြစ်ပါတယ်။
ဒီပွဲအပြီးမှာ အာဆင်နယ် နောက်ခံကစားသမား ဂါဘရီရယ်က နောက်တကျော့ ဂန်းနားတို့ အိမ်ကွင်းမှာ ကစားရမယ့် ပွဲ အတွက် စောင့်နေပြီ ဖြစ်ကြောင်း အသိပေးခဲ့ပါတယ်။
“ဟာလန်း ကျွန်တော့်ကို လုပ်ခဲ့တာနဲ့ ပတ်သက်ပြီး ကျွန်တော် မမှတ်မိတော့ဘူး။ ဒါက သာမန်ကိစ္စပါပဲ။ နောက်ဆုံးမိနစ်မှာ ဂိုးသွင်းနိုင်ခဲ့တာဆိုတော့ သူတို့တွေ ပျော်နေကြမှာ။ သူတို့က အိမ်ကွင်းမှာ ကစားရတယ်။ နိုင်ပွဲအတွက်ကို ဦးတည်လာတယ်။ ကျွန်တော်တို့အသင်းကလည်း အကောင်းဆုံး ခုခံကစားနိုင်ခဲ့တယ်။”
“တိုက်ပွဲတစ်ပွဲလို စစ်ပွဲတစ်ပွဲလို ပြင်းထန်နေတဲ့ ဘောလုံးပွဲထဲမှာ ရန်စတဲ့ အပြုအမှုတွေ ရှိနေတာကလည်း ဖြစ်ရိုးဖြစ်စဉ်ပါပဲ။ ဒါက ဘောလုံးပွဲတစ်ပွဲရဲ့ အစိတ်အပိုင်း တစ်ခုပါပဲ။ အခုတော့ အားလုံးက ပြီးသွားပါပြီ။ ကျွန်တော်တို့ အိမ်ကွင်းမှာ သူတို့အသင်းကို စောင့်နေပါမယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။