နည်းပြ မီခေး အာတီတာက အာဆင်နယ်ရဲ့ နေရာစုံကစားနိုင်စွမ်းရှိတဲ့ လူငယ်ကစားသမား လူးဝစ္စ-စကယ်လီကို ချီူးကျူးခဲ့ပြီး တနင်္ဂနွေနေ့က မန်စီးတီးနဲ့ပွဲမှာ ပွဲဦးထွက်ခဲ့ပြီးနောက် ယှဉ်ပြိုင်နိုင်စွမ်းရှိတဲ့သူလို့ ပြောဆိုခဲ့ပါတယ်။
လူးဝစ္စ-စကယ်လီဟာ ပွဲပြီးခါနီး ၉၂ မိနစ်မှာ ယူရီယန် တင်းဘားရဲ့နေရာမှာ လူစားဝင်ကစားသမားအဖြစ် ပါဝင် ကစားပေးခဲ့သူဖြစ်ပြီး ကွင်းထဲတောင် မဝင်ရသေးခင်မှာပဲ အဝါကတ် ပြသခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။
စကယ်လီဟာ အာဆင်နယ်အသင်းကို နိုင်ပွဲရအောင် မကူညီပေးနိုင်ခဲ့ဘဲ ဂျွန် စတုန်းစ်က ၉၈ မိနစ်မှာ နောက်ဆုံး ကန်ချက်နဲ့ ချေပဂိုး သွင်းယူသွားတာကြောင့် မန်ချက်စတာစီးတီးနဲ့ တစ်ဖက် ၂ ဂိုးစီ သရေကျခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း အာတီတာက လူငယ်ကစားသမားဆီကနေ မြင်တွေ့ခဲ့ရတဲ့အရာတွေကြောင့် သဘောကျခဲ့ပြီး အသက် ၁၇ နှစ်အရွယ် ဟေးအမ်းအကယ်ဒမီထွက်ကစားသမားက မတူညီတဲ့ ၃ နေရာမှာ ကစားနိုင်တယ်လို့ ပြောဆိုခဲ့ပါတယ်။
“သူက ယှဉ်ပြိုင်နိုင်စွမ်းရှိသူပါ။ ခင်ဗျား သူ့ကို ကြည့်လိုက်လေ။ သူ ရင်ဆိုင်ခဲ့တဲ့ တစ်ဦးချင်းတိုက်ပွဲတိုင်းနဲ့ သူ အသင်းဖော်တွေကို ဘယ်လိုတုံ့ပြန်လဲဆိုတာ။ ခင်ဗျား သူ့ကို စကားပြောရင် ချက်ချင်းပဲ မျက်လုံးချင်းဆုံမိမှာပါ။
သူက တက်ကြွနေတယ်။ သူက မေးခွန်းတွေ ထုတ်နေမယ်။ အဲဒါက ထူးခြားတဲ့ စရိုက်လက္ခဏာပဲ။ သူက အခြေခံအားဖြင့် ၃ နေရာမှာ ကစားနိုင်တယ်။ ဘယ်နောက်ခံ၊ ကျောနံပါတ် ၆၊ ကျောနံပါတ် ၈ နေရာတွေမှာ ကစားနိုင်တယ်။ သူက နေရာစုံ ကစားနိုင်စွမ်းရှိတယ်။
သူက အသားကျအောင် ကစားနိုင်စွမ်းလည်းရှိတယ်။ သူ ကစားနေတဲ့နေရာကနေ မတူညီတဲ့ နေရာတွေကိုလည်း ဝင်ကစားပေးနိုင်တယ်။ သူက အရမ်းကို အသားကျလွယ်တဲ့သူပါ။ ဒါက သူနဲ့ပတ်သက်ပြီး ကောင်းမွန်တဲ့အရာပါ။
သူက အရမ်း ထက်မြက်တယ်။ အရမ်းကို ထိုးထွင်းသိမြင်နိုင်တယ်။ သူ့ကို ခင်ဗျား တစ်ခုခုလုပ်ခိုင်းတဲ့အချိန်တိုင်း မယုံနိုင်စရာ မေးခွန်းအချို့ မေးတတ်တယ်။ သူက ယှဉ်ပြိုင်နိုင်စွမ်းရှိတဲ့သူပါ။ ကျွန်တော်ထင်တယ်။
အဲဒါက ဒီအဆင့်အတန်းမှာ မရှိမဖြစ် လိုအပ်နေတဲ့အရာပဲ။ သူကလည်း တကယ်ကို ယှဉ်ပြိုင်ချင်စိတ်ရှိပါတယ်။ အဲဒီတော့ ကျွန်တော်တို့ သူ့ကို မတူညီတဲ့နေရာတွေမှာ အသုံးပြုသွားမှာပါ”လို့ ပြောကြားခဲ့ပါတယ်။